ဆန္ဒပြလူစုခွဲချိန်တွင် ဖမ်းခံခဲ့ရသည့် အမျိုးသားတစ်ဦး ထောင်ထဲတွင် သေဆုံး

ဆန္ဒပြလူစုခွဲချိန်တွင် ဖမ်းခံခဲ့ရသည့် အမျိုးသားတစ်ဦး ထောင်ထဲတွင် သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့ မရှီကထောင်တွင် ပြီးခဲ့သောနှစ် ဒီဇင်ဘာလ စစ်အာဏာရှင်ဆန့်ကျင်သည့် သပိတ်စစ်ကြောင်း ဖြိုခွင်းခံရချိန် ဖမ်းခံခဲ့ရသည့် ဦးကျော်မင်း ခေါ်သူသည် မေလ ၂၈ ရက်ည ၁၁ နာရီခန့်တွင် နှလုံးဖောက်ကာ သေဆုံးသွားသည်ဟု ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။

“ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ၂၀ရက်နေ့က မရှီကထောင်ရပ်ကွက်က ဆန္ဒပြလူစုကွဲချိန်မှာဖမ်းခံရတဲ့ အုပ်စု ၁၄ ယောက်ထဲမှာ ပါတဲ့ ဦးကျော်မင်း ဆိုတဲ့အမျိုးသားပါတယ်။ အဲ့ဒါ မေလ ၂၈ ရက်ညက နှလုံးဖောက်ပြီးတော့ဆုံးသွားတယ် သိရတယ် “လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသွားသည့် ဦးကျော်မင်းသည် အသက် ၅၈ နှစ် ရခိုင်လူမျိုးဖြစ်ပြီး ပြီးခဲ့သည့် မတ်လအတွင်း ပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ်တစ်နှစ်ကျော် ချမှတ်ခံထားရသူ ဖြစ်သည်။

ဦးကျော်မင်းသေဆုံးချိန်တွင် အသက်ခြောက်နှစ်အရွယ် သမီးတစ်ယောက်နှင့် ဇနီးဖြစ်သူတို့ ကျန်ရစ်ခဲ့သည်ဟုသိရပြီး ၎င်း၏ရုပ်အလောင်းအား ယမန်နေ့ နေ့လည်၁နာရီအချိန်၌ ဖားကန့်မြို့ စုပေါင်းသုဿန်တွင် သဂြိုလ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်ပုန်ကန်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ၅၀၅-က သည် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြလှုပ်ရှားမူတွင် ပါဝင်သူများ ဖမ်းဆီးခံရစဉ် အများဆုံးစွဲဆိုခံရသည့် ရာဇသတ်ကြီး ဥပဒေပုဒ်မဖြစ်ပြီး အမြင့်ဆုံး ထောင်ဒဏ်၃နှစ်အထိ ချမှတ်နိုင်သည့် ဥပဒေဖြစ်သည်။

FEM (လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မြန်မာ) ၏ ဖော်ပြချက်အရ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပုဒ်မ ၅၀၅ နှင့် ၅၀၅(က) အရ ဝရမ်းထုတ်ခံရသူ ၄၀၀၀ နီးပါးရှိကြောင်း သိရသည်။

အလားတူ ဖားကန့်မြို့နယ်တွင်လည်း ပုဒ်မ ၅၀၅-က နှင့် စွဲဆိုခံရသူ ၄၀ ဝန်းကျင်ခန့်ရှိနိုင်ကြောင်း ဖားကန့်မြို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက သုံးသပ် ပြောဆိုသည်။

Most read this week

July 24, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ကျေးရွာဘက်သို့ စစ်ဘေးရှောင်လာကြသည့် အမတ်ပေါ်ကျေးရွာ...
July 24, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ နာမ့်ထွမ်ချောင်းနှင့် မကျော့ဝါကျေးရွာတို့တွင် မြို့ပေါ်မှ...
July 23, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း တစ်နှစ်ကျော်ကာလအတွင်း မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်း...
July 20, 2026
ကချင်ပြည်၊ ပူတာအိုမြို့အခြေစိုက် ခ.လ.ရ (၄၆) ဗျူဟာတပ်မှ ခေါင်လန်ဖူးမြို့နယ် အတွင်းသို့...