စစ်ကောင်စီမှ ဖွင့်လှစ်သောကျောင်းတွင် ကျောင်းအပ်နှံခြင်းမပြုရန် မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပန်ကြား

စစ်ကောင်စီမှ ဖွင့်လှစ်သောကျောင်းတွင် ကျောင်းအပ်နှံခြင်းမပြုရန် မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပန်ကြား

ချင်းပြည်နယ် မင်းတပ်မြို့အတွင်းရှိ မိဘပြည်သူများအနေဖြင့် မိမိတို့၏ သားသမီးများအား စစ်ကောင်စီမှဖွင့်လှစ်သော စာသင်ကျောင်းများတွင် ကျောင်းအပ်နှံခြင်းမပြုကြရန် ပန်ကြားသည့် ကြေညာချက်တစ်စောင်ကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေလ ၂၅ ရက်နေ့ကထုတ်ပြန်ခဲ့သည်။

လက်ရှိမြို့တွင်းအခြေအနေအရ မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီမှ ဖွင့်လှစ်မည့်ကျောင်းများတွင် တက်ရောက်မည့် ကျောင်းသူ၊ ကျောင်းသားများအတွက် လုံခြုံရေးအန္တရာယ်များလည်းရှိနိုင်သည်ဖြစ်၍ မင်းတပ်မြို့ပေါ် စာသင်ကျောင်းများတွင် ကျောင်းအပ်နှံခြင်းမပြုဘဲ မိမိတို့၏ သားသမီးများ ပညာရေး နောက်ကျကျန်ခြင်းမရှိစေရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့မှ ဦးစီးဖွင့်လှစ်သောကျေးလက်ဒေသရှိ ပြည်သူ့စာသင်ကျေင်းများတွင်သာ ကျောင်းအပ်နှံကြရန် မိဘပြည်သူများကို ပန်ကြားလိုသည်ဟု ၎င်းတို့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မင်းတပ်မြို့တွင် ယမန်နေ့က စစ်ကောင်စီတပ်ဖွဲ့က ကားဖြင့်လှည်လည်ကာ ကျောင်းအပ်နှံကြရန် လိုက်လံဆော်သြခဲ့ကြပြီး ယနေ့တွင် ကျောင်းအပ်နှံသူအချိူ့ရှိသော်လည်း လူဦးရေ အနည်းငယ်သာ ရှိကြောင်း မင်းတပ်ဒေသခံတစ်ဦးက ပြောသည်။

“မနေ့က မြို့ပေါ်မှာပတ်ပြီးတော့လိုက်ကြေညာတယ်၊ မင်းတပ်မှာ ၃ ကျောင်းဖွင့်ဖို့ရှိတယ်၊ ကျောင်းကတော့ ဒီနေ့ကစပြီးအပ်ကြတယ် အရင်တုန်းကစာရင်တော့ မများပါဘူး" ဟု မင်းတပ်ဒေသခံက ပြောသည်။

မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတော့ စစ်ကောင်စီမှ ဦးစီးဖွင့်လှစ်သော စာသင်ကျောင်းများတွင် ပြန်လည်သင်ကြားမည့် Non-CDM ပညာရေးဝန်ထမ်းများနှင့် မြို့ပေါ်တွင် စစ်ကောင်စီ၏ ပညာရေးလည်ပတ်စေရန် ပါဝင်ကူညီအားပေးသူများကိုလည်း ပြည်သူ့ သစ္စာဖောက်များဟုသတ်မှတ်ပြီး ပြည်သူ့တော်လှန်ရေးပြီး ဆုံးလျှင် လုပ်ထုံးလုပ်နည်းအတိုင်း အပြစ်ပေးအရေးယူဆောင်ရွက်သွားမည်ဟုလည်း သတိပေးထားသည်။

ထို့အပြင် မင်းတပ်မြို့နယ်အတွင်း လည်ပတ်မည့် စာသင်ကျောင်းများအနေဖြင့်လည်း စစ်ကောင်စီနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းမပြုကြရန်လည်း ထုတ်ပြန်ချက်မှာဖော်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီသည် အခြေခံကျောင်းများပြန်လည်ဖွင့်လှစ်ရန် မေလ ၂၆ ရက်နေ့ကစ၍ ကျောင်းသူ/ကျောင်းသားများအား ကျောင်းအပ်လက်ခံခဲ့ပြီး ဇွန်လ ၂ ရက်နေ့တွင် ကျောင်းဖွင့်မည်ဟု သိရသည်။

Most read this week

December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...