ဆွမ်ပရာဘွမ် ကျေးလက်ကျန်းမာရေး ဝန်ထမ်းနေအိမ်အတွင်း ပစ္စည်းများကို စစ်ကောင်စီတပ် ယူဆောင်သွား

ဆွမ်ပရာဘွမ် ကျေးလက်ကျန်းမာရေး ဝန်ထမ်းနေအိမ်အတွင်း ပစ္စည်းများကို စစ်ကောင်စီတပ် ယူဆောင်သွား

ဆွမ်ပရာဘွမ်မြို့နယ် ခဂရန်းယန်ကျေးရွာ ကျေးလက်ဆေးခန်းမှ CDM ကျန်းမာရေးဝန်ထမ်း ဆရာမများ၏ သော့ခတ်ထားသည့် အိပ်ဆောင်ကို စစ်ကောင်စီ တပ်သားများ ရိုက်ဖွင့်ခဲ့ပြီး အခန်းတွင်းပစ္စည်းများ ယူဆောင်သွားကြောင်း ဒေသခံများထံ မှ သိရသည်။

မြစ်ကြီးနား မှ ပူတာအိုဘက်သို့ တက်လာသည့် စစ်ကောင်စီတပ် စစ်ရိက္ခာသယ်ယဉ်တန်းသည် ဆွမ်ပရာဘွမ် မြို့နယ် ခဂရန်းယန်ကျေးရွာတွင် မေလ ၁၆ ရက်နေ့က စတင်ဝင်ရောက်ခဲ့ပြီး ခဂရန်းယန်ကျေးရွာအတွင်းရှိ စာသင်ကျောင်း ၊ ကျေးလက်ဆေးခန်း နှင့် လူနေအိမ်များတွင် တပ်စွဲနေထိုင်ခဲ့စဉ် ဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ဆရာမတွေရဲ့အိပ်ခန်း အဝတ်အစားနဲ့ စာရွက်တွေ အကုန်ရှုပ်ဖွနေတယ်။ အခန်းမှာကျန်နေတဲ့ပစ္စည်း ဘာမှ သိပ်မရှိတော့ဘူး။ သော့ကိုရိုက်ဖွင့်ပြီး အခန်းမှာ အိပ်ကြတယ်ထင်တယ်။ ဘာမှ သွားမပြောရဲဘူး။ ရှေ့အပတ် လောက်က စစ်ကောင်စီယာဉ်တန်း လာတဲ့ချိန်ထင်တယ်။ လုံခြုံရေးဆိုပြီး ကျနော်တို့ ရွာမှာ စစ်သားတွေနေနေတာ ကြာပြီ ၅-၆ ရက်လောက်ရှိနေပြီ။ ရွာမှာ ဟိုနေရာအိပ် ဒီနေရာနဲ့ နေနေကြတယ်။ ဆရာမတွေအခန်းက နောက်မှတွေ့တယ်။ အခုတော့ သွားလိုက်ကြပြီ။” ဟု KNG ကချင်သတင်းဌာန ကို ပြောပါသည်။

ခဂရန်းယန်ကျေးရွာရှိ ကျေးလက်ဆေးခန်းမှ ဆရာမများသည် စစ်ကောင်စီ အာဏာသိမ်းပြီး နောက်ပိုင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ပြီး အကြမ်းမဖက်တဲ့ စစ်အာဏာ ရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု CDM တွင် ပါဝင်ခဲ့ကြသည်။

“နိုင်ငံရေးက ဒီလောက်ကြာမယ်မထင်ထားဘူး။ ရွာက သူတွေနဲ့က အရမ်းရင်းနှီးနေပြီ နိုင်ငံရေးကောင်းရင် ပြန်လာမယ်ဆိုပြီး အခန်းတွေကို သော့နဲ့ပဲ သေချာခတ်ထားပြီး အိမ်ကိုပြန်သွားလိုက်ကြတာ။ အခုက သော့ကို ဖျက်ပြီး ကျမတို့ ပစ္စည်းတွေကို လိုချင်တာပဲ အကုန်ရွေးယူသွားကြတယ်ထင်တယ်။ စိတ်မကောင်းဘူး ဖွထားတာတွေမြင်တော့။ ခေတ်ပျက်နေပြီ” ဟု ခဂရန်းယန် ကျေးလက်ဆေးခန်းမှ CDM ပါဝင်နေသည့် ဆရာမတစ်ဦးက ပြောပါသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီလတွင်လည်း စစ်ကောင်စီတပ် စစ်ရိက္ခာ သယ်ယဉ်တန်းဖြတ်သွားစဉ်အချိန် ဆွမ်ပရာဘွမ် ဒရူးခ ကျေးလက်ဆေးခန်း မှ ပစ္စည်းများကို စစ်ကောင်စီတပ်ဖွဲ့က ဖျက်ဆီးယူဆောင်ခဲ့ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

Most read this week

July 24, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ကျေးရွာဘက်သို့ စစ်ဘေးရှောင်လာကြသည့် အမတ်ပေါ်ကျေးရွာ...
July 24, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ နာမ့်ထွမ်ချောင်းနှင့် မကျော့ဝါကျေးရွာတို့တွင် မြို့ပေါ်မှ...
July 23, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း တစ်နှစ်ကျော်ကာလအတွင်း မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်း...
July 20, 2026
ကချင်ပြည်၊ ပူတာအိုမြို့အခြေစိုက် ခ.လ.ရ (၄၆) ဗျူဟာတပ်မှ ခေါင်လန်ဖူးမြို့နယ် အတွင်းသို့...