ရာမညနိကာယဂိုဏ်းအား တရားဝင်သံဃအဖွဲ့အစည်းအဖြစ် စွမ်းဆောင်ပေးနိုင်မည်ဆိုပါက နစကဥက္ကဌကို မွန်သံဃာထုတရပ်လုံးအနေဖြင့် အထူးတလည်ကျေးဇူးတင်ရှိနေမည်ဟုဆို

ရာမညနိကာယဂိုဏ်းအား တရားဝင်သံဃအဖွဲ့အစည်းအဖြစ် စွမ်းဆောင်ပေးနိုင်မည်ဆိုပါက နစကဥက္ကဌကို မွန်သံဃာထုတရပ်လုံးအနေဖြင့် အထူးတလည်ကျေးဇူးတင်ရှိနေမည်ဟုဆို

ရှေးမွန်ဘုရင်လက်ထက်ခေတ်အဆက်ဆက်က တည်ရှိခဲ့သော ရာမညနိကာယဂိုဏ်းအား တရားဝင်သံဃအဖွဲ့အစည်းအဖြစ်သတ်မှတ်ပေးရန် စွမ်းဆောင်ကြိုးပမ်းနိုင်မည်ဆိုပါက နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မွန်သံဃာထုတရပ်လုံးအနေဖြင့် အထူးတလည်ကျေးဇူးတင်ရှိမည်ဖြစ်ကြောင်း အထင်ကရမွန်ဆရာတော်ကြီးများက မိန့်ကြားသည်။

ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မွန်ပရိယတ္တိစာသင်တိုက် ဆရာတော်လည်းဖြစ် ရာမညနိကာယ ဓမ္မာစရိယဂိုဏ်း ပဓာနဟိတဓရ (အထွေထွေအတွင်းရေးမှူး) လည်းဖြစ်သည့် ဘဒ္ဒန္တကေသရ က ” သမိုင်းအစဥ်အဆက်က အမှန်တကယ်ရှိခဲ့ပြီး မွန်သံဃာတော်တစ်ရပ်လုံး လိုလားနေတဲ့ ရာမညနိကာယဂိုဏ်းကို တရားဝင်ဖြစ်လာဖို့ ဥက္ကဌကြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ ဝိုင်းဝန်းကြိုးပမ်း စွမ်းဆောင်ပေးနိုင်မယ်ဆိုရင်တော့ မွန်သံဃာတွေအထူးပဲကျေးဇူးတင်ရှိနေမယ်လို့ ဆရာတော်မိန့်ကြားလိုပါတယ်” ဟု မွန်သတင်းအေဂျင်စီကို မိန့်ကြားသည်။

နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်အောင်မင်းတို့ ယမန်နေ့(မေ ၂၃) တွေ့ဆုံပွဲတွင် မွန်သံဃာတော်တို့၏ ရာမညနိကာယဂိုဏ်းကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ တရားဝင်အသိအမှတ်ပြုပေးရေး တိုက်တွန်းပေးရန် မွန်ပြည်သစ်ပါတီက နစကဥက္ကဌကို ပြောဆိုခဲ့ကြောင်း သိရသည်။

ယခင် မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဦးနေဝင် း၏ စီစဉ်ဆောင်ရွက်မှုဖြင့် ၁၉၈၀ ပြည့်နှစ် မေလတွင် တစ်နိုင်ငံလုံးရှိ သံဃဂိုဏ်းပေါင်းစုံမှ သံဃာတော် အပါး ၁၂၀၀ ကို ပင့်ဖိတ်ပြီး ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသဏလိုဏ်ဂူတော်၌ မြန်မာတို့၏ သံဃဂိုဏ်း ၉ ဂိုဏ်းကိုအခြေခံ၍ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ရာတွင်  မွန်သံဃာတော်တို့၏ ရာမညနိကာယဂိုဏ်းကို အသိအမှတ်ပြုခြင်း မရှိခဲ့ပေ။

ဘီလူးကျွန်း-ချောင်းဆုံမြို့နယ် ဘိုးနက်ဆရာတော် ဝါရဝံသက “အစိုးရအသိအမှတ်မပြုပေမယ့် မိမိတို့လူမျိုးနဲ့ မိမိတို့ မွန်သံဃာထုတစ်ရပ်လုံးက အသိအမှတ်ပြုထားတယ်၊ အနယ်နယ်အရပ်ရပ်က မွန်ဘုန်းတော်ကြီးကျောင်းတိုင်းမှာ ရာမညနိကာယဂိုဏ်းဆိုပြီး မုခ်ဦးဝ၊ ဆိုင်းဘုတ်တွေမှာ ကမ္ဘည်းထိုးထားကြတယ်၊ ရာမညနိကာယဂိုဏ်းကို အစိုးရအသိအမှတ်ပြုလိုက်ရင် ရှိပြီးသား သံဃဂိုဏ်း ၉ ဂိုဏ်းအနေနဲ့ ဘာမှနစ်နာစရာအကြောင်းမရှိပါဘူး၊ သံဃာထုအတွင်း စည်းလုံးညီညွတ်မှုလည်း ပြိုကွဲစရာမရှိပါဘူး၊ သူ့နေရာနဲ့သူ ဖြစ်တည်နေတဲ့ဥစ္စာပဲလေ” ဟု ဆိုသည်။  

မွန်သမိုင်းမှတ်တမ်းအရ သထုံပြည်သို့ ပိဋိကတ် ၃ ပုံစတင်ရောက်ရှိလာစဥ်ကတည်းကပင် မွန်ရဟန်းသံဃာတော်များက “ရာမညနိကာယ” အမည်ကို ခံယူခဲ့ကြောင်း၊ အဂႅလိပ်အစိုးရလက်ထက် လွန်ခဲ့သည့်အနှစ် ၁၀၀ ကျော်ခန့် ကောဇာသက္ကရာဇ် ၁၂၈၂ ခုနှစ် ဝါခေါင်လတွင် မော်လမြိုင်မြို့နယ် ကော့နှပ်ရွာဘုန်းတော်ကြီးကျောင်း၌ မွန်သံဃာတော်များက “ရာမညနိကာယဂိုဏ်း”ကို အသစ်တဖန်ပြန်လည် ဖွဲ့စည်းခဲ့ကြောင်း၊ ထို့အတူ မွန်သံဃာတော်များသီတင်းသုံးလျက်ရှိသည့် သီရိလကႅာ၊ ထိုင်းနှင့် တောင်ကိုးရီယားနိုင်ငံတို့တွင် ရာမညနိကာယမွန်ဘုန်းတော်ကြီးကျောင်းများ တည်ရှိနေကြောင်း သိရသည်။

“အစိုးရအသိအမှတ်ပြုထားတဲ့ သံဃာ့ဂိုဏ်း ၉ ဂိုဏ်းနဲ့ ဘုန်းကြီးကျောင်းအရေအတွက်ကိုပဲ ချိန်ထိုးကြည့်မယ်ဆိုရင် ရာမညနိကာယဂိုဏ်းဟာ အဆင့် ၅ နေရာလောက်မှာရှိပါတယ်၊ ဘုန်းတော်ကြီးကျောင်းတွေရော သံဃာဦးရေတွေပါ လုံလောက်တဲ့အနေအထားမှာရှိနေပါတယ်၊ သံဃာတော်ဖွဲ့စည်းပုံစည်းမျဥ်းတွေ ခိုင်ခိုင်မာမာရှိသလို စာပေကျမ်းဂန်တတ်ကျွမ်းတဲ့ ဆရာတော်ကြီးတွေအများကြီးရှိပါတယ်”ဟု ဘဒ္ဒန္တကေသရက ဆက်လက်မိန့်ကြားသည်။

ရာမညနိကာယဂိုဏ်းအား တရားဝင်သံဃအဖွဲ့အစည်းအဖြစ်သတ်မှတ်ပေးရန် မွန်သံဃာတော်များတောင်းဆိုမှုအရ လက်ရှိနစကကောင်စီဝင် ဒေါက်တာဗညားအောင်မိုးက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ တစ်ကြိမ်တောင်းဆိုခဲ့ဖူးသလို ၂၀၂၁ ခုနှစ် ဧပြီလတွင် မွန်ပြည်သစ်ပါတီနှင့် နစကကောင်စီတို့ လှို့ဝှက်တွေ့ဆုံဆွေးနွေးခဲ့စဥ်ကလည်း မွန်ပြည်သစ်ပါတီ တောင်းဆိုခဲ့ပြီးဖြစ်သည်။

May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...
တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...
ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...