တောင်ကြီးမှ CDM ဆရာဝန်ကြီး လင်မယားကို စစ်ကောင်စီဖမ်းဆီး

တောင်ကြီးမှ CDM ဆရာဝန်ကြီး လင်မယားကို စစ်ကောင်စီဖမ်းဆီး
ဓါတ်ပုံ - Myat Taw Win Hospital Facebook
ဓါတ်ပုံ - Myat Taw Win Hospital Facebook

တောင်ကြီးမြို့မှ CDM ဆရာဝန်ကြီး လင်မယား (၂) ဦး ကို စစ်ကောင်စီက ဖမ်းဆီးသွားသည်ဟု နီးစပ်သူများက ပြောသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့မှ CDM ဆရာဝန်ကြီးနှစ်ဦး ဖြစ်သည့် စဝ်စံထွန်း ဆေးရုံကြီးမှ မေ့ဆေးဆရာဝန်ကြီး ဒေါက်တာဦးမြစန်းနှင့် မိခင် နှင့်ကလေး ဆေးရုံကြီးမှ ဒေါက်တာအေးခိုင်ဦးတို့ မြတ်တော်ဝင် ဆေးရုံတွင် အဖမ်းခံရခြင်း ဖြစ်သည်ဟု သိရ သည်။

ဆေးရုံတွင် ဝင်ဖမ်းသည့်အချိန် မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦးက “မြတ်တော်ဝင်မှာ အဲဒီနေ့ မနက်က ရုန်းရင်း ဆန် ခတ် ဖြစ်တယ်။ HR ကိုလည်း ထိုးကြိတ်သွားတယ်။ ဝင်ဖမ်းတဲ့အချိန် ရပ်ကြည့်နေတဲ့ လူနာစောင့်တွေပါ ဆူပူ ကြိမ်းမောင်းသွားတယ်။ ပုံတွေ ရိုက်ထားမှာစိုးလို့ ဖုန်းတွေလည်း စစ်တယ်” ဟု ပြောသည်။

ထိုဆရာဝန်ကြီး နှစ်ဦးမှာ မေလ (၁၈) ရက်နေ့၊ နံနက် အစောပိုင်း (၂) နာရီခန့်တွင် ဆေးရုံ၌ အရေးပေါ်လူနာအား ခွဲစိတ်ရန် ရောက်လာသည့်အချိန် စောင့်ဖမ်းခံလိုက်ရခြင်းဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။

ဖမ်းဆီးခံလိုက်ရသည့် မေ့ဆေးဆရာဝန်ကြီး ဒေါက်တာဦးမြစန်းနှင့် မိခင် နှင့်ကလေး ဆေးရုံကြီးမှ ဒေါက်တာ အေးခိုင်ဦးတို့သည် ဇနီးမောင်နှံ (လင်မယား) ဖြစ်သည်။

“အဲဒီမနက်က မြတ်တော်ဝင်မှာ CCTV မှတ်တမ်းတွေပါ ယူသွားတယ် ကြားတယ်။ ဒါကတော့ အတွင်းသတင်း ပေါ့နော်။ သေချာလား ဆိုတာတော့ ကျမလည်းမသိဘူး။ ကျမက ဒီအတိုင်း ကြားမိတာပါ” ဟု ဆရာဝန် နှစ်ဦးနှင့် နီးစပ်သူ အမျိုးသမီး တစ်ဦးက ပြောသည်။

ထို ဆရာဝန်ကြီး နှစ်ဦးအား ယနေ့အချိန်ထိ မည်သည့်နေရာတွင် ချုပ်နှောင်ဖမ်းဆီးထားသည်ကို မသိရသေးပေ။

သို့သော် ယခင်က ဓါတ်ခွဲ ဆရာဝန်ကြီးများနှင့် CDM အရာရှိ ဝန်ထမ်းများ အဖမ်းခံရပါက ရဲစခန်းများတွင် ချုပ် ထားခြင်းမရှိပဲ တောင်ကြီးမြို့ရှိ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ကြောရေးစခန်းကို တန်းပို့လေ့ရှိသည်ဟု ဒေသ ခံအချို့က ပြောသည်။

တောင်ကြီးမြို့ရှိ ပုဂ္ဂလိကဆေးရုံများတွင် CDM ဝန်ထမ်းများ ခန့်ထားခြင်း ရှိ/မရှိကို စစ်ကောင်စီ တပ်ဝင်များက မကြာခဏ ရှောင်တခင် ဝင်စစ်ဆေးနေသည်များ ရှိသည့် အပြင် ဆေးရုံများတွင် သာမက ကိုယ်ပိုင်ကျောင်းများ တွင်လည်း CDM ဆရာ/မ စာရင်းများကိုပါ တောင်းယူနေသည်ဟု သိရသည်။

ထိုနေ့က မြတ်တော်ဝင်က ဆရာဝန်ကြီး နှစ်ဦး အပြင် နောက်ထပ် ပတ္တမြားဆေးရုံက CDM ဆရာဝန်တစ်ဦးပါ အဖမ်းခံလိုက်ရသည်ဟု သတင်းများ ထွက်ပေါ်နေပြီး ယင်းဆရာဝန်မှာ မည်သူ မည်ဝါ ဖြစ်ကြောင်းကို သတင်း နှင့်မီဒီယာကွန်ယက် သတင်းဌာနအနေဖြင့် စုံစမ်းနေဆဲ ဖြစ်သည်။

May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...
May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...