စစ်ရှောင်စခန်းကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး

စစ်ရှောင်စခန်းကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး

မြိတ်ခရိုင်၊ တနင်္သာရီမြို့ရှိ ယာယီစစ်ဘေးရှောင်စခန်းကို စစ်ကောင်စီ မီးရှို့ဖျက်ဆီးခဲ့သည်ဟု စခန်းတာဝန်ရှိသူ များက ပြောသည်။

တနင်္သာရီမြို့၊ သရဘွင်ကျေးရွာသို့ စစ်ကောင်စီတပ်က အင်အား ၁၀၀ နီးပါးဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာ ပြီး သရဘွင်အရှေ့ကမ်းရှိ ယာယီစစ်ဘေးရှောင်စခန်းတစ်ခုကို မေလ ၂၀ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ရွာ သားများနှင့် စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူများ က ပြောသည်။

“လက်နက်ကြီးတွေက အဆက်မပြတ်ပစ်နေတာ။ ရွာသားတွေ ညတွင်းချင်း မိုးထဲရေထဲ ပြေးလွှားကြရတယ်။ နေရတာလည်း လုံခြုံမှုမရှိဘူး။ စားသောက်ဖို့လည်း မရှိကြဘူး။ အခက်ကြုံနေရတယ်” ဟု အသက် ၅၀ နှစ် အရွယ် သရဘွင်ရွာသားတစ်ဦးက ပြောသည်။

တနင်္သာရီမြို့နယ် မှ သရဘွင်ကျေးရွာ အရှေ့ကမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရသွားသည့်နောက် ယခုကဲ့သို့ မီးရှို့လိုက်ခြင်းဖြစ်သည် ဟု ဘက်မလိုက်ပျောက်ကျားအဖွဲ့ က ပြောသည်။

မေလ ၂၀ ရက်နေ့၊ နံနက် ၉ နာရီ အချိန်ခန့်တွင် နယ်မြေရှင်းလင်းရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေ ၃ နာရီခွဲဝန်းကျင် အချိန်အထိ နှစ် ဘက် အပြန်အလှန် ပစ်ခတ်ခဲ့ကြသည်ဟု သိရသည်။

မေ ၂၁ ရက်နေ့၊ နံနက်အစောပိုင်းတွင်လည်း တကူကျေးရွာနှင့် သိန္ဒောကျေးရွာတို့တွင် အင်တာနက်လိုင်းများ ဖြတ်တောက်ထားပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရန် အင်အားဖြည့်တင်းမှုများ ပြုလုပ်လျက် ရှိနေသည် ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့က သရဘွင်ကျေးရွာ တိုက်ပွဲအတွင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်ဆောင်တစ်ဦး ကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟု တောင်ပိုင်းသူရဲကောင်းများ ကာကွယ်ရေးအင်အားစု (SWDF) သတင်းထုတ်ပြန် ထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီး အချက်ရေ ၁၀၀ နီးပါး အသုံးပြုပစ်ခတ်ခဲ့သည့်အတွက် နေအိမ် ၁၀ လုံးကျော် မီးလောင်ပျက်စီးခဲ့ပြီး အနီးအနားတစ်ဝိုက် ကျေးရွာများမှ ဒေသခံ ထောင်နှင့်ချီ ဘေးလွတ် ရာထွက်ပြေး တိမ်းရှောင်နေကြရသည် ဟု သိရသည်။

လက်ရှိတွင် တကူကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့က တပ်စွဲထားပြီး နေအိမ်များကို ရိုက်ဖျက် ဝင်ရောက်ရှာဖွေ ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ကာ တွေ့သမျှလူကိုလည်း ပစ်သတ်မည်ဟု ခြိမ်းခြောက်မှုများ ရှိနေသည်ဟု ဒေသခံများ က ပြောသည်။

ထို့အပြင် မေလ ၂၀ ရက်နေ့က အသက် ၁၀ နှစ်ဝန်းကျင် အရွယ် စိတ်ဝေဒနာခံစားနေရသည့် ကလေးငယ်တစ်ဦး နှင့် ရွာသားတစ်ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ပစ်သတ်ခဲ့ပြီး ရွာသားအချို့ကိုလည်း ဖမ်းဆီးထားသည်ဟု ဒေသခံ ရွာသားများက ပြောသည်။

ဖမ်းဆီးခံထားရသူ အရေအတွက်ကို အသေးစိတ် အတည်ပြုနိုင်ရန် သတင်းနှင့်မီဒီယာကွန်ယက် သတင်းဌာနက ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။

တိုက်ပွဲများကြောင့် ဒေသခံရွာသား အချို့က တနင်္သာရီနှင့် မြိတ်မြို့များဆီ ထွက်ပြေးကြသလို အချို့မှာ ဘေး လွတ်မည်ထင်သည့် အနီးဝန်းကျင်ကျေးရွာများရှိ ဘုန်းကြီးကျောင်းများ၊ ဆွေမျိုးမိတ်ဆွေများနှင့် တောတောင် များထဲသို့ စစ်ဘေးရှောင်တိမ်းနေကြရသည်ဟု စစ်ရှောင်များအား အကူအညီပေးနေသူများက ဆိုသည်။

ယခုရက်ပိုင်း ရွာသွန်းနေသည့် မိုးကြောင့်လည်း စစ်ဘေးရှောင်များ အမိုးအကာများ၊ အဝတ်အထည်များ၊ ဆေး ဝါးများနှင့် အခြေခံစားနပ်ရိက္ခာများ လိုအပ်နေသည်ဟု ရွာသားများနှင့် အကူအညီပေးနေသူများက ဆိုသည်။

Most read this week

February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...