ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းတွင် တံတား ၂ စင်း ရေစီးထဲမျော၍ လမ်းပိတ်ထား

ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းတွင် တံတား ၂ စင်း ရေစီးထဲမျော၍ လမ်းပိတ်ထား
by -
မွန်သတင်းအေဂျင်စီ
ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်း တံတားရေစီးထဲမျောပါသည့်နေရာ(photo: Facebook)
ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်း တံတားရေစီးထဲမျောပါသည့်နေရာ(photo: Facebook)
မိုးသည်းထန်စွာရွာပြီး တောင်ကျရေတိုက်စားမှုကြောင့် ကရင်ပြည်နယ်၊ကြားအင်း ဆိပ်ကြီး-ဘုရားသုံးဆူလမ်းရှိ တံတား(၂)စင်း ရေစီးထဲ မျောပါသွားပြီး လမ်းခရီးသွားလာမှု ခေတ္တပြတ်တောက်နေကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ သတင်းရရှိသည်။

ဇူလိုင်လ (၂၆) ရက်နေ့ ညပိုင်းက ရေတိုက်စားမှုကြောင့် ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူ လမ်းပေါ်ရှိ မိုင်တိုင်အမှတ် ၂၀/ဝ-၁ ရှိ ယာယီ ဘေလီတံတား(ကွင်းကြီးတံတား) နှင့် မိုင်တိုင်အမှတ် ၃၀/ဝ-၁ရှိ  ယာယီဘေလီတံတား(မက္ကလာတံတား) စုစုပေါင်း တံတား ၂ စင်း ပျက်စီးခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး အခက်တွေ့နေကြောင်း ကြာအင်းဆိပ်ကြီး မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က ဇူလိုင်လ(၂၇) ရက်နေ့တွင် မွန်သတင်းအေဂျင်စီကို ပြောကြားသည်။

ဦးမျိုးအောင်က “ တံတား ၂ စင်း မျောပါသွားတဲ့အတွက် လမ်းကတော့ ပျက်သွားတာပေါ့။လမ်းက သွားလို့မရတော့ဘူးပေါ့။ပြန်ပြုပြင်ဖို့အတွက် တံတားအထူးအဖွဲ့နဲ့ ပစ္စည်းတွေ စုနေတယ်။အဲ့ဒီနားက ရေစီးလည်း သန်တော့ လူတွေက လှေတွေ၊ဖောင်တွေနဲ့ ကူးပြီးတော့ သွားတယ်။ကားတွေကတော့ သွားလို့မရဘူး။ကားတွေက ဘုရားသုံးဆူ သွားမယ့်ကားက သံဖြူဇရပ်ဘက်က လှည့်ပေါ့။မနှစ်က ဒီလောက်အထိ မဖြစ်ခဲ့ဘူး။”ဟု ပြောသည်။

အဆိုပါ တံတားများကို တံတားအထူးအဖွဲ့ (၁၄) ဖွဲ့ဖြင့် အမြန်ဆုံးပြုပြင်နိုင်ရန် ဆောင်ရွက်နေပြီး ကြာအင်းဆိပ်ကြီး မြို့နယ်က မြေနိမ့်ပိုင်းများတွင်လည်း ရေကျော်နေကြောင်း သိရသည်။

“ရေတွေကြီးနေတယ်။ တချို့နေရာတွေက မိုးများတော့ ရေဝင်တာကိုး။ ပိုးမွှားအန္တရာယ်တွေ ဂရုစိုက်ကြပါ။မနှစ်က အဲ့လောက်ထိ မဖြစ်ဘူး။ဒီနှစ်က မိုးတွေ စုရွာတဲ့အတွက် ရေက ပြံုလာတာပေါ့။တခြားပျက်စီးတာတော့ မရှိပါဘူး။ ကြာအင်းဆိပ်ကြီးမှာတော့မြေအနိမ့်ပိုင်းလေးတွေပဲ ရေဝင်တာပဲရှိပါတယ်။ကမ်းပါးတွေ ရေမကျော်သေးပါဘူး။” ဟု ဦးမျိုးအောင်က ဆက်ပြောသည်။

ပျက်စီးသွားသည့် တံတား ၂ စင်းတွင်  ကွင်းကြီးတံတားသည် ပေ(၁၀ဝ) ရှည်လျားပြီး ယက္ကလာတံတားကတော့ ပေ (၁၂၀) ရှည်လျားကြောင်းသိရပြီး လမ်းခရီးသွားလာမှု ခေတ္တပြတ်တောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ကရင်ပြည်နယ် လမ်းတံတားဦးစီးဌာနကလည်း ထုတ်ပြန်ထားပြီးဖြစ်သည်။

အလားတူ ရန်ကုန်-မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မဟဲဆီချောင်းကူးတံတားမှာ တောင်ကျရေဆင်းလာမှုကြောင့် ဇူလိုင် ၂၆ ရက် ည ၁၁ နာရီကျော်တွင် ပြိုကျသွားခဲ့သောကြောင့် လမ်းပိတ်ထားရကြောင်း သိရသည်။

 မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင်လ ၂၇ရက်နေ့ မွန်းလွဲ ၂ နာရီသတင်းထုတ်ပြန်ချက်အရ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ် နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခဲ့ပြီး မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ဟိုင်းကြီးကျွန်းမြို့တွင် (၇.၃၆)လက်မ၊ ကျိုက်မရော မြို့တွင် (၆.၁၄)လက်မ၊ ရေးမြို့တွင် (၅.၉၀)လက်မ၊ မုဒုံမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့တို့တွင် (၅.၄၇)လက်မစီ၊ ပေါင်မြို့တွင် (၅.၃၅)လက်မ၊ မော်လမြိုင်မြို့တွင် (၄.၈၈)လက်မ၊ ချောင်းဆုံမြို့တွင် (၃.၈၆)လက်မ၊ ပဲခူးမြို့တွင် (၃.၆၆)လက်မ၊ ဘီးလင်းမြို့တွင် (၃.၅၀)လက်မ၊ မြောင်းမြ မြို့တွင် (၃.၄၆)လက်မ၊ မချမ်းဘောမြို့နှင့် ကျိုက္ခမီမြို့တို့တွင် (၃.၃၉)လက်မစီနှင့် သထုံမြို့တွင် (၃.၁၉)လက်မတို့ဖြစ်ကြောင်း သိရသည်။

Most read this week

January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...