မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် နေ့လယ် ၁ နာရီက ပြုလုပ်ခဲ့သော ထိုတွေ့ဆုံပွဲတွင် ကြိုတင်မဲများကို သေချာ စိိစစ်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများမှလည်း ထင်သာ မြင်သာ ရှိစေရေးအတွက် ပူးပေါင်း ပါဝင်ပေးကြဖို့ ဖိတ်ခေါ်ပါကြောင်း၊ ဇွန်လ ၂၂ ရက်နေ့တွင် ရခိုင်ပြည်နယ် အခြေခံ မဲစာရင်းကို ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း၊ အခြေခံ မဲစာရင်းတွင် အမည် စာလုံးပေါင်း သတ်ပုံ မှားယွင်းခြင်း သေဆုံးသူများနှင့် ရွှေ့ပြောင်း သွားသူတို့၏ အမည်များ ပါရှိနိုင်ကြောင်း၊ ပါတီများအနေနှင့် ရွေးကောက် ပွဲကော်မရှင်များနှင့်ပူးပေါင်းကာ မှားယွင်းမှုများကို အောက်ခြေ အထိ ဆင်းကာ ဝိုင်းဝန်း ကူညီစစ်ဆေးပေးရန် လိုအပ်မည် ဖြစ်ပါကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အရာရှိ ဦးသိန်းဦးက ပြောကြားခဲ့သည်။
ထို့အပြင် မှားယွင်းနေသော မဲစာရင်းများကို ပြင်ဆင်ဖို့ ပါတီများကို အားကိုးကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲမှာ မျှတမှုရှိအောင် ရွေးကောက်ပွဲ ကော်မရှင်က ကြိုးစား နေပါကြောင်း၊ ပါတီများအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ကြရန် ဖိတ်ခေါ်ပါကြောင်း တွေ့ဆုံပွဲတွင် ၎င်းက ဆက်လက် ပြောကြားသည်။
တွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ၊ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ၊ အရှိုချင်းအမျိုးသားပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ၊ ပြည်ထောင်စုကြ့ံခိုင်ရေးနှင့်ဖွ့ံဖြိုးရေး ပါတီ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ကမန်အမျိုးသား တိုးတက်ရေးပါတီတို့မှ မြို့နယ် အလုပ်အမှုဆောင် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဒေါက်တာစိုးမြင့်ကလည်း ကြိုတင်မဲကိစ္စကို ပြေလည်ရန်အတွက် ပါတီများ အနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုကြောင်း ပြောဆိုသည်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ မြို့နယ် ဥက္ကဌ ဦးသိန်းအောင်ကလည်း ပါတီအချို့ စည်းကမ်းများ ချိုးဖောက်နေမှုများကို တိတိကျကျ ပြတ်ပြတ်သားသား အရေးယူစေလိုကြောင်းနှင့် စည်းရုံးရေး ကာလသည် မိုးရာသီတွင်းဖြစ်နေသည့်အတွက် အခက်အခဲများနှင့်ကြံုနေရသဖြင့် ဆောင်းရာသီ သို့မဟုတ် နွေရာသီသို့ ပြောင်းလဲစေလိုကြောင်း ပြောသည်။
တက်ရောက်လာကြသောပါတီများမှအသီးသီးဆွေးနွေး ခဲ့ကြပြီးတွေ့ဆုံပွဲကို နေ့လယ် ၂ နာရီခွဲတွင် ရပ်နားခဲ့ပါသည်။
တွေ့ဆုံပွဲသို့ ရခိုင်မှ အင်အားကြီးပါတီ တစ်ခု ဖြစ်သော ရခိုင်အမျိုးသားပါတီ ရောက်ရှိလာခြင်း မရှိသဖြင့် တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းရာ ဖိတ်စာ အချိန်မီ မပေးပို့သဖြင့် တက်ရောက်နိုင်ခြင်း မရှိဟု ပြောကြားသည်။







