ရှင်ဗွေယန်မြို့တွင် ဖုန်းလိုင်းများပြတ်တောက်နေ

ရှင်ဗွေယန်မြို့တွင် ဖုန်းလိုင်းများပြတ်တောက်နေ

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ရှင်ဗွေမြို့တွင် ယနေ့နံနက်ပိုင်းမှ ဆက်သွယ်ရေး ဖုန်းလိုင်းများပြတ်တောက်နေကြောင်း ဒေသခံများထံမှသိရသည်။

ရှင်ဗွေယန်မြို့တွင် ပြည်တွင်းဖုန်းအော်ပရေတာများဖြစ်သည့် MPT၊ Telenor၊ Mytel၊ Ooredoo များအားလုံးအသုံးပြုလျက်ရှိနေပြီး လက်ရှိတွင် ဖုန်းလိုင်းများအားလုံး ပြတ်တောက်နေကြောင်း  မြစ်ကြီးနားမြို့တွင်နေရောက်သည့် ရှင်ဗွေယန် မြို့နေအမျိုးသားတစ်ဦးက KNG ကိုပြောသည်။

"မနေ့ကတော့မဆက်မိဘူး။ ဒီနေ့မနက်မှ အိမ်ကလူတွေကိုဖုန်းဆက်တာအကုန် ဖုန်းပိတ်ထားတယ်ပဲဖြစ်နေတာ။ ဒါနဲ့ ဖုန်းအားမရှိကြလို့နေမှာဆိုပြီးတခြားလူတွေကိုဆက်တာ လည်းတစ်ယောက်မှဆက်လို့မရဘူး။ mytel mpt telenor အားလုံးဆက်ပြီးပြီ မရဘူးစက်ပိတ်ထားတယ်ပဲဖြစ်နေတာ"ဟု မြစ်ကြီးနားတွင်ရောက်နေသည့် ယင်းအမျိုးသားကပြောသည်။

KNG သတင်းဌာနအနေဖြင့်လည်း ရှင်ဗွေယန်မြို့ရှိ သက်ဆိုင်ရာဌာနနှင့် ဒေသခံများထံသို့ ဆက်သွယ်မေးမြန်ရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍မရဖြစ်နေပါသည်။

ရှင်ဗွေယန်မြို့သည် ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းနယ်စပ် နယ်နမိတ်ချင်းထိစပ်သည့်နေရာတွင်ရှိသည့်မြို့ဖြစ်ပြီး မည်သည့်အကြောင်းကြောင့်ဖုန်းလိုင်းပြတ်တောက်နေသည်ကို စုံစမ်းနေဆဲဖြစ်သည်။

"ဘာလို့လိုင်းပြတ်နေတာလဲတော့မသိတမင်ဖြတ်ထားတာလား။ ရှင်ဗွေယန် ကမြို့သေးသေးလေးပါ။ အေးအေးဆေးဆေးနေနေတဲ့မြို့လေးဟုတ်တယ်။ ဖုန်းလိုင်းဖြတ်စရာအကြောင်းတော့မရှိဘူး။ ရှင်ဗွေယန်နဲ့နီးတဲ့ စစ်ကိုင်းတိုင်းမြို့နန်းယွန်းကတော့ဖုန်းလိုင်းဖြတ်ထားတာကြာပြီ။ စစ်ကိုင်းတိုင်းနဲ့အရမ်းနီးလို့လားတော့မသိဘူး"ဟုမြစ်ကြီးနားရောက်နေသည့် ရှင်ဗွေယန်ဒေသခံ ဦးအောင်ကိုသန့်(အမည်လွဲ)ကပြောသည်။

ရှင်ဗွေယန်မြို့သည် လီဒိုလမ်းမကြီးပေါ်တွင်ရှ်ိသည့်မြို့ဖြစ်ပြီး ဖုန်းလိုင်းများရသည်မှာ ၆နှစ်ခန့်ရှိပြီဖြစ်သည်။

ထို့နောက် တနိုင်း-ရှင်ဗွေယန်သွား လမ်းမကြီးပေါ်တစ်လျှောက်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲ မကြာခဏဖြစ်ပွားလျက်ရှိသော နေရာဒေသတစ်ခုလည်းဖြစ်ပါသည်။

Most read this week

July 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ခွန်ဆာကုန်းကျေးရွာ ကားကြီးကွင်းအနီးတွင်...
July 24, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ကျေးရွာဘက်သို့ စစ်ဘေးရှောင်လာကြသည့် အမတ်ပေါ်ကျေးရွာ...
July 24, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ နာမ့်ထွမ်ချောင်းနှင့် မကျော့ဝါကျေးရွာတို့တွင် မြို့ပေါ်မှ...
July 23, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း တစ်နှစ်ကျော်ကာလအတွင်း မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်း...