ရက္ခိုင့်တပ်တော်(AA)နေ့ကို အဖွဲ့အစည်းအသီးသီးမှ သဝဏ်လွှာပေးပို့

ရက္ခိုင့်တပ်တော်(AA)နေ့ကို အဖွဲ့အစည်းအသီးသီးမှ သဝဏ်လွှာပေးပို့

ဧပြီလ ၁၀ ရက်တွင် ကျရောက်သည့် (၁၃)နှစ်မြောက် ရက္ခိုင့်တပ်တော်(AA)နေ့အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့များနှင့် အဖွဲ့အစည်းအသီးသီးတို့မှ ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ကြသည်။

အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေးနှင့် စစ်အာဏာရှင်စနစ် ဖြုတ်ချနိုင်ရေးအတွက် ရခိုင်ပြည်သူလူထုကိုဦးဆောင်ပြီး တော်လှန်ရေးတိုက်ပွဲများဆင်နွဲနိုင်ရန်အတွက် ထူထောင်ခဲ့သည့် ရက္ခိုင့်တပ်တော်(AA)၏ (၁၃)နှစ်ပြည့်အခမ်းအနားသို့ ဂုဏ်ပြုအသိအမှတ်ပြုသည်ဟု NUG ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

NUG အနေဖြင့် အာဏာရှင်များ ခေတ်အဆက်ဆက်ကျင့်သုံးခဲ့သည့် လူမျိုးကြီးဝါဒနှင့် တပြည်ထောင် အုပ်ချုပ်ရေးစနစ်ကို အပြီးတိုင်ဖျက်သိမ်းပြီး တိုင်းရင်းသားလူမျိုးအားလုံး၏ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်ကို အာမခံသည့် နိုင်ငံရေးစနစ်သစ်ဖန်တီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းလည်း ဆက်လက်ရေးသားထားသည်။

NUG သည် အာဏာရှင်စနစ်အပြီးတိုင်ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်ရေး လုပ်ငန်းစဉ်များကို ကြိုးပမ်းဆောင်ရွက်ရန်အတွက် AA နှင့် အလွတ်သဘောတွေ့ဆုံလိုကြောင်း မတ်လ ၂၄ ရက်နေ့က ကမ်းလှမ်းထားသည်။

ထိုသို့ကမ်းလှမ်းချက်အပေါ် ရက္ခိုင့်တပ်တော်နေ့အခမ်းအနားပြီးဆုံးမှ ဗဟိုကော်မတီအစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ကြမည်ဟု ဧပြီလ ၅ ရက်နေ့ကပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခကပြောသည်။

“NUG ဘက်က မိမိတို့နဲ့ပူးပေါင်းဆောင်ရွက်လိုကြောင်း ရှိလာနေတယ်ဆိုတာ ပြည်သူတွေကို အသိပေးလိုပါတယ်။ ကျနော်တို့အနေနဲ့ NUG ရဲ့ ခုလိုကမ်းလှမ်းမှုကို အပြုသဘောဆောင်ကြိုဆိုပြီး တစ်ဖက်မှာ စစ်အာဏာရှင် အမြစ်ပြုတ်ရေးအတွက် ကြိုးပမ်းနေကြတဲ့ မျိုးဆက်သစ်လူငယ်တွေကိုလည်း ချီးကျူး အသိအမှတ်ပြုပါတယ်”ဟု ၎င်းကပြောကြားခဲ့သည်။

(၁၃)နှစ်ပြည့် ရက္ခိုင့်တပ်တော်နေ့ကို ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် ကိုးကန့်(MNDAA)၊ တအာင်း(TNLA)နှင့် ပြည်သူ့လွတ်လပ်ရေးတပ်တော်(PLA)၊ လူထုတော်လှန်ရေးမဟာမိတ်(Magway)၊ ကျောင်းသားလက်ရုံးတပ်တော်(ကလတ) စသည့်အဖွဲ့အစည်းများက သဝဏ်လွှာပေးပို့ထားကြသည်။

ကိုးကန့်(MNDAA)၊ တအာင်း(TNLA)ပေးပို့သည့် သဝဏ်လွှာတွင် မိမိတို့ညီနောင်မဟာမိတ်အဖွဲ့အနေဖြင့် မိမိတို့အကြား အားကောင်းစွာရရှိထားပြီးဖြစ်သည့် နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတို့ကို အန္တိမပန်းတိုင်မရောက်မချင်း လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရေးသားထားသည်။

ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ၊ ကျောင်းသားလက်ရုံးတပ်တော်မှ ပေးပို့သည့်သဝဏ်လွှာတွင် စစ်အာဏာသိမ်းပြီးနောက်တွင် သမဂ္ဂရဲဘော်များသည် ရက္ခိုင့်တပ်တော်၏ လွတ်မြောက်နယ်မြေတွင် အခြေခံစစ်ပညာသင်ယူခဲ့ပြီး တပ်တော်၏ ထောက်ပံ့ကူညီမှုဖြင့် ကျောင်းသားလက်ရုံးတပ်တော်ကို ဖွဲ့စည်းတည်ထောင်ခဲ့ကြောင်း ဖော်ပြထားသည်။

ယနေ့ကျရောက်သည့် (၁၃)နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့အခမ်းအနားကို ယာယီဌာနချုပ်အပါအဝင် တပ်တော်အခြေစိုက်သည့်နေရာများတွင် ကျင်းပလျက်ရှိကြသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...