အမ်းတွင် WY ဆေးပြား ၁၅ သန်း ဖမ်းဆီးရမိ

အမ်းတွင် WY ဆေးပြား ၁၅ သန်း ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ပဲပဒုံပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဧပြီလ ၅ ရက်နေ့ ညနေ(၅)နာရီခန့်က WY စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သန်းဖမ်းဆီးရမိခဲ့ကြောင်း အမ်းမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဦးမျိုးကြည်က DMG သို့ပြောသည်။

WY စိတ်ကြွရူးသွပ်ဆေးပြားတစ်ထုပ်လျှင် ငါးသောင်းစီပါသည့် အထုပ်ပေါင်း ၃၀၀ ကို ဘေထုပ်များနှင့်အတူတင်ဆောင်လာသည့် ယာဉ်အမှတ် Bago 5k 2883၊ စိမ်းပြာရောင်ခြောက်ဘီးယာဉ်အားစစ်ဆေးရာ ဘေထုပ် ၃၁ ထုပ်နှင့်အတူ ရောနှောသယ်ဆောင်လာသည့် WY ဆေးပြားများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“လက်ရှိမှာ ယာဉ်မောင်းနဲ့ စပယ်ယာကို အမ်းမြို့မရဲစခန်းမှာ ဖမ်းဆီးပြီး စစ်ဆေးတာတွေလုပ်နေပါတယ်။ ဒီဟာတွေရဲ့တန်ဖိုးကတော့ ကာလတန်ဖိုးကျပ်ဘီလီယံ ၂၀ ကျော်လောက်ရှိမယ်။ ပူးပေါင်းစစ်ဆေးရေးဂိတ်ကစစ်ဆေးတော့ အဝတ်တွေကြားမှာ ရောထည့်လာတာကိုတွေ့ခဲ့ရတာပါ”ဟု ဦးမျိုးကြည်က ရှင်းပြသည်။

အဆိုပါမူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးမိသော ယာဉ်နောက်လိုက်နှင့် ယာဉ်မောင်းအား အမ်းမြို့မရဲစခန်းတွင် မူး/စိတ်ဥပဒေပုဒ်မ- ၁၉(က)ဖြင့် အမှုဖွင့်ထားပြီး စစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ မှုခင်းရေးရာဌာနမှ အဆင့်မြင့်ရဲအရာရှိတစ်ဦးကဆိုသည်။

“ဒီကားက ရန်ကုန်ကနေတင်လာတာဖြစ်ပြီး မောင်တောဘက်ကို သွားမယ်လို့တော့သိရတယ်။ လက်တလောမှာတော့ စစ်ဆေးနေဆဲဖြစ်တဲ့အတွက် အများကြီးတော့မသိရသေးဘူး”ဟု အဆိုပါတာဝန်ရှိသူကဆိုသည်။

ယမန်နေ့က ဘေထုတ်များနှင့်အတူ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသည်ဟု ကြားသည့်ရသည့်အတွက် သွားရောက်ကြည့်ရှုခဲ့ကြောင်းနှင့် လုံခြုံရေးထူထပ်စွာချထားသည်ကို မြင်တွေ့ခဲ့ရကြောင်း အမည်မဖော်လိုသည့် အမ်းဒေသခံတစ်ဦးကပြောသည်။

“အဲဒီက မြို့နယ်အဆင့်က တာဝန်ရှိသူတွေအားလုံးရောက်နေတာကိုတော့ တွေ့ခဲ့တယ်။ ဓာတ်ပုံဘာညာတောင် ရိုက်လို့မရဘူး။ တွေ့ခဲ့ရသလောက်ဆိုရင် မူးယစ်ဆေးက တော်တော်များပါတယ်”ဟု ၎င်းကဆိုသည်။

ရခိုင်တွင် မူးယစ်ဆေးဝါးဖမ်းမိမှုဖြစ်စဉ်များမှာ မကြာခဏဆိုသကဲ့သို့ဖြစ်ပွားနေပြီး မောင်တောခရိုင်တွင် ဖမ်းဆီးရမိမှုအများဆုံးဖြစ်သည်။

Most read this week

August 4, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တော အမှတ် (၉) ရပ်ကွက်ကို စစ်တပ်က လေကြောင်းမှ...
စစ်တပ်၏ စစ်ရေးပြအခမ်းအနားတစ်ခုတွင် ဂျက်တိုက်လေယာဉ်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)
August 3, 2026
ဝိုင်းပတ်ပိတ်ဆို့ ခံထားရသည့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျူဟာစခန်း အနီးတစ်ဝိုက်...
August 3, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် သွေးလွန်တုပ်ကွေးရောဂါ...
ဓာတ်ပုံ - သရုပ်ဖော်ပုံ
August 1, 2026
ULA/AA ထိန်းချုပ်ဒေသများတွင် ဖြစ်ပွားခဲ့သော အဓမ္မပြုကျင့်ခံရမှုများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ...