ရခိုင်က စစ်ဘေးရှောင်နေအိမ်များ ပြုပြင်ရန် အခက်အခဲရှိနေ

ရခိုင်က စစ်ဘေးရှောင်နေအိမ်များ ပြုပြင်ရန် အခက်အခဲရှိနေ

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းအသီးသီးတွင် နေထိုင်ကြသည့် စစ်ဘေးရှောင်နေအိမ်များမှာ ယိုင်လဲနေပြီဖြစ်သော်လည်း ငွေကြေးအခက်အခဲရှိသဖြင့် ပြန်လည်ပြုပြင်ရန် အခက်အခဲရှိနေကြောင်း သိရသည်။

လက်ရှိတွင် ဒေသတည်ငြိမ်နေသဖြင့် စစ်ဘေးရှောင်အချို့နေရပ်ပြန်သွားကြသော်လည်း လုံခြုံရေး၊ မိုင်းအန္တရာယ် စိတ်မချရသည့်အတွက် စစ်ဘေးရှောင်ဦးရေခြောက်သောင်းကျော်မှာ ယနေ့အထိ နေရပ်မပြန်နိုင်သေးဘဲရှိနေသေးသည်။

စစ်ဘေးရှောင်စခန်းရှိနေအိမ်များမှာ ယခုအချိန်တွင် ဟောင်းနွမ်းယိုင်လဲနေပြီး ကြမ်းခင်းများဆွေးမြေ့နေပြီဖြစ်သဖြင့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများအတွက် အန္တရာယ်ရှိနေကြောင်း စစ်ဘေးရှောင်တို့ကပြောဆိုကြသည်။

သို့သော်လည်း အလှူရှင်များ၊ ထောက်ပံ့ကူညီမှုများမရှိ၍ စစ်ဘေးရှောင်များ နေအိမ်ပြုပြင်ရန် အခက်အခဲရှိနေကြကြောင်း သိရသည်။

“အိမ်အခင်းတွေက ပျက်စီးနေပြီ။ ကလေးငယ်တွေ၊ အသက်ကြီးသူတွေအတွက်ဆို ကြမ်းပေါက်ကျွံမှာစိုးရတယ်။ အိမ်ကိုလည်း ပြန်ပြုပြင်ချင်ပေမယ့် ငွေကြေးလည်းမတတ်နိုင်ဘူး။ လူကယ်ပြန်က ရိက္ခာထောက်ပံ့မှုလည်း မရဘူး။ ထောက်ပံ့ငွေကလည်း စားသောက်ဖို့အတွက်တောင် မလုံလောက်ဘူး”ဟု ပုဏ္ဏားကျွန်းစက်မှုဇုန် စစ်ဘေးရှောင်စခန်းမှ တာဝန်ရှိသူတစ်ဦးက DMG ကို ပြောသည်။

အဆိုပါစခန်းအတွင်းရှိ စစ်ဘေးရှောင်နေအိမ် (၉၅)ဆောင်တွင် (၆၀)ခန့်မှာ ပျက်စီးယိုယွင်းနေ၍ ပြန်လည်ပြုပြင်ရန်လိုအပ်လျက်ရှိနေသည်။

အလားတူ စစ်ဘေးရှောင်နေအိမ်များမှာ ခိုင်မာမှုမရှိတော့သဖြင့် မိုးရာသီမရောက်မီ နေအိမ်များကိုပြန်လည်ပြုပြင်လိုအပ်ကြောင်းလည်း ကျောက်တော်မြို့နယ်၊ တောင်မင်းကုလားစစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးအောင်ကျော်ဝင်းက DMG သို့ ပြောသည်။

“အိမ်တွေက လက်ရှိမှာပျက်စီးနေပြီ၊ မိုးမရွာခင်ကတည်းက ကြိုတင်ပြီး အိမ်တွေကိုပြင်ချင်တယ်။ တစ်နှစ်တစ်ခါလောက်ပြန်ပြင်ရတယ်။ လူဦးရေက ငါးရာကျော်လောက်ရှိတယ်။ တကယ်လို့များ မိုးရွာ၊လေတိုက်ခဲ့ရင် အိမ်တွေအကုန်ပြိုမှာ၊ လူကယ်ပြန်ကလည်း ရိက္ခာလည်းမရတော့ဘူးဆိုတော့ စားဝတ်နေရေးလည်း ခက်ခဲတယ်။ အိမ်တွေပြန်ပြင်ဖို့လည်း အဆင်မပြေဘူး”ဟု ၎င်းကဆိုသည်။

ဘူးသီးတောင်မြို့ရှိ ရန်အောင်မြေစစ်ဘေးရှောင်စခန်းတွင်မူ စစ်ဘေးရှောင်တဲတန်းလျားများမှာ ခိုင်မာမှုမရှိတော့ကြောင်း စခန်း တာဝန်ခံ ဦးမောင်စိုးသန်းကပြောသည်။

“သုံးနှစ်ကျော်တောင်ရှိပြီဆိုတော့ နေအိမ်တွေကတော့ အကုန်နီးပါး ပျက်စီးနေပြီ၊ အဆောင်အရှည်ကြီးတွေမှာဆို ဝါးတိုင်တွေလည်းကျိုးနေပြီ။ နောက်ပြီးတော့ အိုးတွေ၊ ခွက်တွေကလည်း ပေါက်ပြဲနေပြီ”ဟု ဆိုသည်။

ထိုသို့ နေအိမ်ပြိုပျက်နေမှုကို မိုးရာသီမရောက်မီ အချိန်မီပြုပြင်တည်ဆောက်နိုင်ရေးအတွက် အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းတို့မှ ကူညီပေးစေလိုကြောင်း စစ်ဘေးရှောင်များက တောင်းဆိုကြသည်။

စစ်ဘေးရှောင်နေအိမ်များ ပြုပြင်ပေးမည့်ကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်းကို DMG က ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပါ။

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...