ရွေးကောက်ခံအစိုးမဟုတ်သည့်အတွက် ကျုးကျော်များကို ဖယ်ရှားရဲခြင်းဖြစ်သည်ဟု စစ်ကောင်စီပြော

ရွေးကောက်ခံအစိုးမဟုတ်သည့်အတွက် ကျုးကျော်များကို ဖယ်ရှားရဲခြင်းဖြစ်သည်ဟု စစ်ကောင်စီပြော

ရွေးကောက်ခံအစိုးမဟုတ်သည့်အတွက် ကျုးကျော်များကို ဖယ်ရှားရဲခြင်းဖြစ်သည်ဟု နိုင်ငံတော်အာဏာကိုသိမ်းယူထားသည့် စစ်ကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့(မတ်လ ၂၄ ရက်)တွင် နေပြည်တော်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

တရားဥပဒေစိုးမိုးရေးအတွက် ကျုးကျော်များကို အဓိကဖယ်ရှားဆောင်ရွက်ရခြင်းဖြစ်ပြီး အချို့ကျုးကျော်များမှာ တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ ထိခိုက်စရာအကြောင်းအရင်းများဖြစ်ပေါ်လာသည့်အတွက် ထိုသို့ဖယ်ရှားဆောင်ရွက်ရခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

“အခုအချိန်မှာ ဘာဖြစ်လို့ရှင်းရတာလဲဆိုရင် တစ်လုံးတည်းနဲ့ဖြေရရင် နိုင်ငံရေးအစိုးရမဟုတ်တဲ့အတွက် ရှင်းရဲတာလို့ပြောရမယ်။ နိုင်ငံရေးအစိုးရဆိုတာ မရှင်းရဲဘူး။ နိုင်ငံရေးအစိုးရဆိုတာ မဲပေးပြီးမှကောက်ပြီး တက်လာတဲ့အစိုးရတိုင်းဟာ ကျုးကျော်နဲ့ပတ်သက်လို့ အကုန်လိုက်ရှောင်တာပဲ။ အဲဒါလည်း သူတို့အပြစ်လို့ပြောလို့မရဘူး။ သူတို့က မဲရွေးရအုံးမှာဖြစ်တယ်။ ကျနော်တို့ဟာ နိုင်ငံရေးအစိုးရမဟုတ်တဲ့အတွက် တရားဥပဒေစိုးမိုးရေးကို အဓိထားပြီးရှင်းတယ်”ဟု ၎င်းကပြောသည်။

ယခုနှစ် မတ်လ ၉ ရက်နေ့မှစတင်ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ စစ်တွေဘူတာနှင့် စစ်တွေတက္ကသိုလ်ဘူတာအကြားရှိ မီးရထားဧရိယာအတွင်းနေထိုင်သူများကို ပြည်နယ်စစ်ကောင်စီမှ စတင်ဖယ်ရှားခဲ့သည်။ ယင်းနောက် စစ်တွေမြို့အာဂျိတ်တော်ကုန်ရှိ ကျူးကျော်နေထိုင်သူများကို မတ်လ ၁၀ ရက်နေ့တွင် ထပ်မံဖယ်ရှားခဲ့သည်။

ထိုသို့ဖယ်ရှားခံရမှုကြောင့် အဆိုပါနေရာများတွင်နေထိုင်ခဲ့သည့် လူဦးရေ ၃၀၀ ကျော်မှာ နေရာထိုင်ခင်းအခက်အခဲနှင့် အစားအသောက်များ အခက်အခဲဖြစ်ပေါ်လျက်ရှိကြသည်။ ထိုသို့အခက်အခဲများဖြစ်ပေါ်နေသည့် ပြည်သူများကို အသင်းအဖွဲ့အချို့မှကူညီထောက်ပ့ံခြင်းများရှိသော်လည်း ယခုအချိန်ထိ အစိုးရမှ ကူညီဆောင်ရွက်ပေးခြင်းမရှိသေးဟု ဖယ်ရှားခံခဲ့ရသည့် ကိုညီညီကပြောသည်။

“ကျနော်တို့မှာ သွားစရာ၊လာစရာလည်းမရှိဘူး။ ဒီလိုမျိုးဖယ်ရှားခံရတော့ နေထိုင်မယ့်နေရာတစ်ကွက်လေးဖြစ်ဖြစ် ပေးဖို့တောင်းဆိုချင်ပါတယ်”ဟု သူကပြောသည်။

နိုင်ငံရေးအစိုးရဖြစ်စေ၊ အာဏာသိမ်းပြီးတက်လာသည့်အစိုးရဖြစ်စေ ပြည်သူများ၏အကျိိုးကို လိုလားသည့်အစိုးရဖြစ်ရန်အရေးကြီးသည့်အတွက် ပြည်သူများကျုးကျော်ဖြစ်ရသည့်အကြောင်းရင်းကိုရှာရန်လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းက ဆိုသည်။

ယင်းအပြင် ကျုးကျော်များကိုဖယ်ရှားမည်ဆိုပါက ၎င်းတို့အတွက် နေရာထိုင်ခင်းများနှင့်သင့်တော်မည့်လုပ်ငန်းများကို အစိုးရမှ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ဦးဖေသန်းကပြောသည်။

“ကျုးကျော်ဆိုပြီး အတင်းဖျက်ပြီးတော့ သွားချင်ရာသွားငါတို့နဲ့မဆိုင်ဘူး။ မင်းတို့ဟာ ဥပဒေချိုးဖောက်တာပဲ။ အဲလိုတစ်ဖက်သက် ရက်ရက်စက်စက်ဆုံးဖြတ်မယ်ဆိုရင်တော့ ပြည်သူတွေကိုမစာနာတဲ့ အစိုးရပေါ့။ ပြည်သူတွေဘက်က မရပ်တည်တဲ့ အစိုးရ၊ ပြည်သူတွေရဲ့အခက်အခဲကိုဖြေရှင်းပေးဖို့ ဝိုင်းဝန်းမစဉ်းစားတဲ့ အစိုးရဖြစ်သွားလိမ့်မယ်။ အဲလိုဆိုရင်တော့ ပြည်သူ့အစိုးရလို့ခေါ်လို့မရဘူး”ဟု သူကဆိုသည်။

လက်ရှိတွင် စစ်တွေမြို့ကဖယ်ရှားခံရသည့် ကျူးကျော်များထဲမှ အချို့မှာ ဘုန်းကြီးကျောင်းများတွင်နေထိုင်နေရပြီး အချို့ကမူ ဖယ်ရှားခံရသည့်နေရာများတွင် တာလပတ်များမိုးကာ တဲထိုးနေထိုင်နေကြသည်။

ကျူးကျော်ဟုခေါင်းစဉ်တပ်က နေအိမ်များကို အင်အားသုံးဖယ်ရှားခဲ့မှုများကြောင့် ပြည်သူများကြား စစ်ကောင်စီကိုဝေဖန်မှုများထွက်ပေါ်နေပြီး ၎င်းတို့ကိုသင့်လျှော်သည့်မြေနေရာများတွင် နေရာချပေးသင့်ကြောင်းလည်း အကြံပြုပြောဆိုမှုများရှိနေသည်။

သို့သော် ပြည်နယ်စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ကျုးကျော်များကိုနေရာအစားထိုးဆောင်ရွက်ပေးရန် မရှိကြောင်း DMG သို့ ပြောဆိုထားသည်။

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...