ရွေးကောက်ပွဲအတွက်ဟုဆိုကာ ရခိုင်မှာ အခြေခံမဲဆန္ဒရှင်စာရင်းကို မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးနေ

ရွေးကောက်ပွဲအတွက်ဟုဆိုကာ ရခိုင်မှာ အခြေခံမဲဆန္ဒရှင်စာရင်းကို မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးနေ

လာမည့် ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရန် ကြိုပမ်းနေသည့်စစ်ကောင်စီသည် ရခိုင်ပြည်အတွင်းရှိ မြို့နယ်အသီးသီးတွင် အခြေခံမဲဆန္ဒရှင်စာရင်းကို မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးနေသည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

“မတ်လ ၁၀ ရက်နေ့ကစပြီးတော့ မြို့နယ်အလိုက်စစ်ဆေးနေတယ်။ မေလအထိစစ်ဆေးသွားမှာ။ စစ်ဆေးမှုမှာ သေတဲ့သူတွေ၊ ပြောင်းဝင်လာတဲ့သူတွေ၊ မှတ်ပုံတင်မရှိတဲ့သူတွေပေါ်လာမယ်။ နိုင်ငံသားကဒ်မရှိဘဲနဲ့ ၂၀၂၀ မှာ မဲပေးခဲ့တဲ့သူတွေရှိတယ်။ သူတို့တွေကို နိုင်ငံသားကဒ်တွေမရှိဘူးဆိုရင် လဝက ကလုပ်ပေးမယ်ပေါ့”ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးသူရိန်ထွဋ်က DMG သို့ပြောသည်။

အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် အခြေခံမဲဆန္ဒရှင်စာရင်းကို မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက်ဖွင့်ပွဲကို မတ်လ ၁၁ ရက်နေ့က စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် ပြုလုပ်ခဲ့သည်။

အခြေခံမဲဆန္ဒရှင်စာရင်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရပ်ကွက်၊ကျေးရွာအုပ်စုအလိုက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီး ပြည့်စုံမှန်ကန်သော မဲစာရင်းများရရှိရေး ပြုစုဆောင်ရွက်သွားရမည်ဟု ပြည်နယ်စစ်ကောင်စီ၏ ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ယင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။

ယခင်အစိုးရလက်ထက်ရွေးကောက်ပွဲတွင် မဲစာရင်းဖောင်းပွမှုများရှိခဲ့သောကြောင့် ယခုလာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်လူဦးရေစာရင်းများ မှန်ကန်တိကျစေရန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက DMG သို့ပြောသည်။

“လဝကနဲ့ထွေအုပ်ကိုအခြေခံတဲ့ အောက်ခြေစာရင်းကို ကော်မရှင်ကိုပို့ရမယ်၊ ကော်မရှင်ကိုရောက်လာတဲ့စာရင်းကိုပြုစုပြီး ကော်မရှင်နဲ့မြေပြင်ပြန်ဆင်းမယ်။ ကော်မရှင်ကစာရင်းနဲ့ သက်ဆိုင်ရာရပ်ကျေး၊မြို့နယ်၊ခရိုင်၊ပြည်နယ်က မြေပြင်လူဦးရေစာရင်းနဲ့ တူ၊မတူစစ်မယ်။ မူအားဖြင့်ဆို မှတ်ပုံတင်မရှိရင်မဲပေးခွင့်မရှိလို့ မှတ်ပုံတင်တွေလည်းလုပ်ပေး‌နေတယ်”ဟု ၄င်းကဆိုသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း ရခိုင်အမျိုးသားပါတီ(ANP)သည် နေရာအများစုတွင်အနိုင်ရရှိခဲ့ပြီး  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပြတ်အသတ်အနိုင်ရရှိခဲ့သည်။ သို့သော်လည်း စစ်တပ်က ရွေးကောက်ပွဲရလာဒ်ကိုလက်မခံဘဲ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အရပ်သားအစိုးရကိုဖြုတ်ချကာ အာဏာသိမ်းခဲ့သည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...