ပူတာအို စစ်ရှောင်များ ဆေးဝါးလိုအပ်

ပူတာအို စစ်ရှောင်များ ဆေးဝါးလိုအပ်

ပူတာအိုမြို့နယ်အတွင်း တောတောင်များအကြား ထွက်ပြေးနေရသည့် စစ်ရှောင်များအတွက် ဆေးဝါးများ အရေးပေါ် လိုအပ်နေသည်ဟု ဒေသခံများက ပြောသည်။

ကချင်ပြည်နယ်၊ မြောက်ဖျားပိုင်း စစ်ကောင်စီတပ်နှင့် ကချင် ပူးပေါင်းတပ်ဖွဲ့တွေ အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ၊ စစ်ရေးတင်း မာမှုများကြောင့် တောတောင်ထဲသို့ စစ်ရှောင်နေရသည်မှာ တစ်လကျော်လာပြီဖြစ်သည့်အတွက် ယခုလက်ရှိတွင် ကလေးငယ် များနှင့် သက်ကြီးရွယ်အိုများ နေထိုင်မကောင်းဖြစ်နေကြသည်ဟု စစ်ရှောင်အမျိုးသား တစ်ယောက်က ပြောသည်။

“ကလေးတွေက နှာစေးချောင်ဆိုး အဲ့လိုမျိုးဖျားတာလည်းအများကြီး။ နောက်ပြီး ချမ်းတုန်ပြီးဖျာတာလည်းရှိ တယ်။ ကိုယ်တွေကိုက်ခဲပြီးတော့ နာတဲ့လူတွေလည်းရှိတယ်။ ဖျားနာတဲ့လူလည်းရှိတယ်ဆိုတော့ ဆေးလည်းလို တယ်။ နောက်ပြီး တချို့က ဆင်းရဲတယ်ဆိုတော့ စားစရာသောက်စရာလည်း မရှိတဲ့လူလည်း ရှိတယ်။”

ပူတာအိုမြို့နယ် လုံရှာယန်၊ ဆွမ်ပီယန်၊ ဖတ်မာ၊ တန်ဂျာနှင့် အင်စီယန်ရွာနားတဝိုက်နှင့် ရှင်ကပ်(ဘွမ်)တောင် နေရာများတွင် နှစ်ဖက်ကြား စစ်ရေးတင်းမာနေစဲဖြစ်ပြီး တိုက်ပွဲများကလည်း ဆက်ဖြစ်သည်ဟု ဒေသခံရွာသား များက ပြောသည်။

မတ်လ ၁ ရက်နေ့အထိ တိုက်ပွဲများ ဆက်ဖြစ်နေပြီး ရွာသားများကလည်း စိုးရိမ်ကာ တောထဲတောင် ထဲမှာပဲ ဆက်ပြီးနေနေကြရပြီး အချို့မှာ ရိက္ခာပြတ်ပြီး ထမင်းမစားရသည့်သူများပင် ရှိနေသည်ဟု လုံရှာယန်ကျေးရွာ က စစ်ရှောင် အမျိုးသမီးတစ်ယောက်က ပြောသည်။

“စိုးရိမ်ကြတယ်လေ။ စိုးရိမ်ကြတော့ ဟိုက လေယာဉ်နဲ့ ဗုံးကျလာမလာ။ စိုးရိမ်ကြောက်ကြလို့ပါ။ ဒီမှာကြ တော့နော် မိုင်းသံတွေ၊ နေ့တိုင်းဟိုမှာ တိုက်ပွဲဖြစ်တယ်တဲ့ ဒီမှာ တိုက်ပွဲဖြစ်တယ်တဲ့ဆိုတော့ တောမှာပဲ နေရတာ လေ။ ထမင်းလည်းငတ်တာပေါ့နော်။ ဖျားနာတဲ့လူလည်းရှိတယ်။”

လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်အတွက် ကူညီမည့်သူများမရောက်နိုင်ပဲ အခက်အခဲများအား အချင်းချင်း ကူညီဖြေရှင်းကြရသည်ဟု ဆိုသည်။

တိုက်ပွဲသံ၊ ပစ်ခတ်ခံများ တိတ်သည့်အချိန်တွင် အချို့က ကျေးရွာထဲပြန်၍ ဆန်ကို ပြန်သွားသယ်ပြီး အချင်းချင်း မျှဝေစားသောက်နေရသည်ဟု လုံရှာယန်ကျေးရွာက စစ်ရှောင်အမျိုးသမီးက ပြောသည်။

ပူတာအိုခရိုင်ထဲတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ကျေးရွာများထဲကို ဗုံးကြဲခဲ့သည့်အတွက် ရွာသားများသည် ယခုအချိန်ထိ ရွာထဲကို မပြန်ရဲကြသေးကြခြင်း ဖြစ်သည်ဟု စစ်ရှောင် အမျိုးသားက ဆက်ပြောသည်။

“ကျနော်တို့က မခန့်မှန်းနိုင်ဘူး။ သူတို့က ပစ်ချင်တဲ့နေရာကို ပစ်တာ။ ရွာထဲကို ပြန်မယ်ဆိုရင်တော့ အဲ့ဒီလက် နက်ကြီးတွေ ပစ်မှာကိုစိုးရိမ်တယ်။ နောက်ပြီး လေယာဉ်ကနေ ပစ်မှာကို ဗုံးကြဲမှာကို စိုးရိမ်လို့ပေါ့။”

တိုက်ပွဲများ ဖြစ်ပွားချိန်တွင် ကျေးရွာထဲတွင်ဖြစ်ပွားခြင်း မရှိသော်လည်း စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပြည်သူများနေထိုင်သည့် ကျေးရွာဘက်သို့ ရမ်းသမ်းပစ်ခတ်မှုများ မကြာခဏလုပ်လေ့ရှိပြီး ဖေဖော်ဝါရီလ အတွင်း လေယာဉ်ကနေ နှစ်ကြိမ်ထက်မနည်း ဗုံးကြဲခဲ့သည်ဟု စစ်ရှောင်များက ပြောသည်။

ယခုတိုက်ပွဲများဖြစ်ပွားနေသည့် နေရာများက လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ရိက္ခာနှင့် ဆေးဝါးများ ရောက်ရှိ လာရန်လည်း ခက်ခဲနေသည်ဟု ဆိုကြသည်။ ထို့အပြင် တိုက်ပွဲများကြောင့် လမ်းပိုင်းအချို့ ပိတ်ထားခဲ့သည့် အတွက် စားနပ်ရိက္ခာ၊ ဆေးဝါး၊ စားသုံးဆီ၊ ဓါတ်ဆီများလည်း ပြတ်နေပြီဟု ပူတာအို ဒေသခံများက ပြောသည်။

ပူတာအိုခရိုင်ထဲက ကျေးရွာပေါင်း ၅ ရွာရှိ စစ်ရှောင် ၃၀၀၀ ကျော်ခန့် စစ်ဘေးရှောင်နေရပြီး တောတောင်များ ထဲတွင် အများစု ပုန်းအောင်းစစ်ရှောင်နေကြရသည်။

ထို့အပြင် စစ်ဘေးလွတ်ရာ ပူတာအိုမြို့ပေါ်က ဆွေမျိုးနီးစပ်များနှင့် မြစ်ကြီးနားမြို့က ဆွေမျိုးနီးစပ်များ ရှိသည့် နေရာအထိ အချို့ စစ်ဘေးရှောင်နေကြရသည်ဟု သိရသည်။

ပူတာအိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့အကြား ဖေဖော်ဝါရီလဆန်းပိုင်းမှ ယခု မတ်လဆန်းပိုင်းအထိ တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...