“စစ်ဘေးရှောင်စာရင်းအတိကျသိနိုင်ဖို့နဲ့ လုံခြုံရေးအတွက် Refugee ID Card လုပ်ဆောင်ပေးတာဖြစ်တယ်” NGO United For Democratic Myanmar တွဲဖက်အတွင်းရေးမှူး ကိုရစ်ချက်အင်တာဗျူး

“စစ်ဘေးရှောင်စာရင်းအတိကျသိနိုင်ဖို့နဲ့ လုံခြုံရေးအတွက် Refugee ID Card လုပ်ဆောင်ပေးတာဖြစ်တယ်” NGO United For Democratic Myanmar တွဲဖက်အတွင်းရေးမှူး ကိုရစ်ချက်အင်တာဗျူး
မီဇိုရမ်ပြည်နယ် စစ်ဘေးရှောင်ပြည်သူများ
မီဇိုရမ်ပြည်နယ် စစ်ဘေးရှောင်ပြည်သူများ

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ဘေးရှောင် ၃ သောင်းကျော်လောက်ရှိသွားပြီလို့သိရပါတယ်။ မီဇိုရမ်ပြည်နယ်အတွင်းမှာရှိ နေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို မီဇိုရမ်ပြည်နယ်အစိုးရ Refugee ID Card တွေစတင်လုပ်ဆောင်ပေးနေပါတယ်။

ဘာကြောင့် ခုလိုစစ်ဘေးရှာင်တွေကို Refugee ID Card လုပ်ဆောင်ပေးရတာပါလဲ။ ဘယ်အကျိူးခံစားခွင့် ရှိလာနိုင်လဲ။ စစ်ဘေးရှောင်တွေအတွက်ဘယ်လိုအကျိူးဆက်တွေဖြစ်လာနိုင်သလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး မီဇိုရမ်ပြည်နယ် အခြေစိုက် စစ်ဘေးရှောင်ကူညီရေးအဖွဲ့တစ်ခုဖြစ်တဲ့ NGO United For Democratic Myanmar အဖွဲ့က တွဲဖက်အတွင်းရေးမှူး ကိုရစ်ချက်ကို Khonumthung ကဆက်သွယ်မေးမြန်းထားပါတယ်။

မေး - မီဇိုရမ်ပြည်နယ်မှာရောက်ရှိနေကြတဲ့ စစ်ဘေးရှောင်တွေကို မီဇိုရမ်အစိုးရအနေနဲ့ Refugee ID Card ကို ဘာရည်ရွယ်ချက်နဲ့ လုပ်ပေးရတာလဲ။

ဖြေ - နံပါတ် (၁) အချက်အနေနဲ့ မီဇိုရမ်အစိုးရက မီဇိုရမ်ပြည်နယ်အတွင်းမှာ စစ်ဘေးရှောင် ဘယ်လောက်ရှိသလဲ ဆိုတာ မှတ်သားထားချင်သဘောဖြစ်တယ်။ နောက်တစ်ချက်ကတော့ သူတို့ရဲ့ လုံခြုံရေးအတွက်လည်းဖြစ်တယ်။ လုံခြုံရေးဆိုတဲ့နေရာမှာ မီဇိုရမ်ပြည်နယ်မှာ နေထိုင်တဲ့အတောအတွင်း တနေရာကနေတနေရာ ပြောင်းရွေ့တာဘဲ ဖြစ်ဖြစ်၊ မီဇိုရမ်ပြည်နယ်အတွင်း ခရီးသွားလာတဲ့အခါမှာဘဲဖြစ်ဖြစ် အဆင်ပြေနိုင်ဖို့အတွက် အဓိက ရည်ရွယ်ပြီး Refugee ID Card ကို လုပ်ပေးရခြင်းဖြစ်ပါတယ်။

မေး - ဒီ Refugee ID Card လုပ်ပေးခြင်းအားဖြင့် စစ်ဘေးရှောင်တွေအတွက် ဘယ်လိုအကျိုးခံစားခွင်တွေ ရှိလာနိုင်လဲ။

ဖြေ - အကျိုးခံစားခွင့်ဆိုတဲ့နေရာမှာ ဒီ Refugee ID Card ဟာ မီဇိုရမ်နိုင်ငံသားဖြစ်ခွင့် မဟုတ်သလို ဒီ ကဒ်ကို အသုံးပြုပြီးတော့ အလွဲသုံးစားမလုပ်ဖို့ကိုလည်း Refugee ID Card လုပ်ပေးတဲ့ တာဝန်ရှိသူတွေက ပြောထားတာ ရှိပါတယ်။ အဲဒါကြောင့် ခုနပြောသလို အကျိုးခံစားခွင့်ပိုင်းကတော့ ဘယ်လောက်ထိရှိမလဲဆိုတာ ပြောရ ခက်ပါတယ်။ ကျနော့ အမြင်အနေနဲ့ပြောရရင်တော့ မီဇိုရမ်အစိုးရကနေဘဲဖြစ်ဖြစ် အခြားသော NGO အဖွဲ့အစည်း ကနေဘဲဖြစ်ဖြစ် ကူညီ ထောက်ပံ့မှုများရှိရင် Refugee ID Card ကိုင်ဆောင်ထားတဲ့သူဘဲ ခံစားခွင့်ရှိလာနိုင်တယ်လို့ မြင်ပါတယ်။

မေး - အခု လက်ရှိမှာ မီဇိုရမ်ပြည်နယ်မှာ စစ်ဘေးရှောင်ဘယ်လောက်ရှိသွားပြီလဲ။

ဖြေ - ဒီကိစ္စတော့ တိတိကျကျ ဖြေရခက်ပါတယ်။ ဘာလို့လဲဆိုတော့ မီဇိုရမ်ပြည်နယ် မြို့နယ်အသီးသီးမှာ စစ်ဘေးရှောင်တွေရှိကြတယ်။ စစ်ဘေးရှောင်စခန်းတွေမှာရှိတဲ့ စာရင်းကိုတော့ အလွယ်တကူသိနိုင်ပေမဲ့ အပြင်မှာ နေထိုင်တဲ့ စစ်ဘေးရှောင်စာရင်းတွေကိုတော့ တိတိကျကျ မှတ်ထားဖို့ ခက်ပါတယ်။ နောက်ပြီး တချို့စစ်ဘေးရှောင် တွေက နေရပ်ပြန်သွားတဲ့သူတွေလည်း ရှိနေတော့ ခန့်မှန်းခြေပြောရရင်တော့ လက်ရှိမီဇိုရမ်ပြည်နယ်မှာ စစ်ဘေးရှောင် ဦးရေ ၃၀၀၀၀ ကျော်လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ မီဇိုရမ်အစိုးရအနေနဲ့ကလည်း စာရင်းကို အတိအကျ မပြုစုနိုင်တဲ့အတွက် စစ်ဘေးရှောင်စာရင်းကို တိတိကျကျသိလိုတဲ့အတွက် ခုလို Refugee ID Card ကို လုပ်ဆောင် ပေးရခြင်းလည်း ဖြစ်ပါတယ်။

မေး - အဲဒီအထဲကနေ စစ်ဘေးရှောင်ဘယ်နှစ်ယောက်ကို Refugee ID Card ကို ထုပ်ပေးနေပြီလဲ။

ဖြေ - တစ်မြို့နယ်နဲ့တစ်မြို့နယ် လုပ်တဲ့အချိန်ကာလမတူကြဘူး။ ကျနော်တို့ သိရသလောက်ဆိုရင် ကျန်ဖိုင်းခရိုင်မှာ ၄၂၅၅ ဦး လုပ်ပြီးသွားပြီ။ ကျန်ဖိုင်းခရိုင်မှာရှိတဲ့ စစ်ဘေးရှောင်အားလုံးကို ဖေဖော်ဝါရီလအတွင်း အကုန်ပြီးစီးလုပ်ပေး မယ်လို့လည်း ကြားထားတယ်။ အခြားမြို့နယ်တွေ မှာတော့ အခုမှ စပြီး ဆောင်ရွက်နေတာတွေ ရှိတယ်။ အမြန်ဆုံးရနိုင်အောင်တော့ အစိုးရကလည်း ဆောင်ရွက်ပေးနေပါတယ်။

မေး - Refugee ID Card ကို မလုပ်ချင်တဲ့ စစ်ဘေးရှောင်တွေရော ရှိသလား။

ဖြေ - ရှိပါတယ်။ အဓိကတော့ ကြောက်ကြတာပေါ့နော်။ Refugee ID Card ရှိရင် မြန်မာပြည်ကို ပြန်ရမှာမဟုတ်တော့ ဘူးလို့ ထင်ထားတဲ့သူတွေလည်းရှိသလို မြန်မာပြည်ပြန်တော့မှာမို့ မလုပ်တော့ဘူးဆိုတဲ့သူတွေလည်း ရှိကြတယ်။

မေး - မီဇိုရမ်ရောက်နေတဲ့ စစ်ဘေးရှောင်တွေရဲ့ လက်ရှိအခြေအနေက ဘယ်လိုရှိလဲ။ စားဝတ်နေရေးပိုင်းမှာ ဘယ်လို ရပ်တည်ကြလဲ။

ဖြေ - စစ်ဘေးရှောင်တွေရဲ့ လက်ရှိအခြေအနေဆိုတဲ့နေရာမှာ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်အများစုကတော့ စစ်ဘေးရှောင်စခန်းတွေမှာနေကြတယ်။ တချို့ကတော့ အဆင်ပြေတဲ့နေရာမှာ အိမ်ငှားပြီး နေကြတယ်။ တချို့ကတော့ လုပ်ငန်းခွင်တွေမှာနေကြတယ်။ အများသောအားဖြင့် စစ်ဘေးရှောင်တွေက နယ်စပ် ဒေသဖြစ်တဲ့ Champhai, Hnahthial, Saiha, Lawngtlai မြို့နယ်အပြင် Aizawl, Lunglei စတဲ့ မြို့တွေမှာ နေကြတာများတယ်။ စားဝတ်နေရေးနဲ့ပတ်သက်ရင်တော့ မီဇိုရမ်အစိုးရ၊ အသင်းတော်၊ NGO အဖွဲ့အစည်းများ နှင့် ပြည်သူလူထုတွေက နေရာထိုင်ခင်းကအစ စားဝတ်နေရေးပိုင်းကို အတတ်နိုင်ဆုံး ကူညီထောက်ပံ့လာတာ တစ်နှစ် ကျော်သွားပြီဖြစ်တယ်။ အများသောအားဖြင့် မြို့ကြီးတွေမှာနေတဲ့ စစ်ဘေးရှောင်တွေ အများစုက အဆင်ပြေနေပေမယ့် နယ်စပ်တောရွာ စစ်ဘေးရှောင်စခန်းတွေမှာနေတဲ့သူတွေတော့ အဆင်သိပ်မပြေကြ တဲ့သူတွေလည်း ရှိတယ်လို့ သိရတယ်။

မေး- ဒါဆိုရင် စစ်ဘေးရှောင်တွေရဲ့ စားဝတ်နေရေးပိုင်းကို မီဇိုရမ်ပြည်နယ်အစိုးရ၊ အသင်းတော်၊ NGO စတဲ့အဖွဲ့အစည်းတွေက အဓိကကူညီထောက်ပံ့ကြတာဆိုတော့ ရေရှည်အတွက် ဘယ်လိုဖြစ်လာနိုင်လဲ။

ဖြေ - အခု သွားနေတဲ့ပုံစံက မီဇိုရမ်အစိုးရ၊ NGO၊ အသင်းတော်၊ ပြည်သူလူထုကနေ အတတ်နိုင်ဆုံး ထောက်ပံ့မှုတော့ ရထားပါတယ်။ ခုဆိုရင် တစ်နှစ်ကျော်ပြီပေါ့။ မြန်မာပြည် ပြည်တွင်းစစ်ကလည်း ဘယ်လောက်ကြာမယ် မသိရတဲ့အတွက် ရေရှည်မှာတော့ အခက်အခဲ ရှိလာနိုင်တယ်လို့မြင်ပါတယ်။ စစ်ဘေးရှောင်တွေကို ပြည်နယ်အဆင့်ကနေဘဲမဟုတ်ဘဲနဲ့ အိန္ဒိယဗဟိုအစိုးရရဲ့ အသိအမှတ်ပြု ကူညီထောက်ပံ့မှုက အရေးကြီးတယ်။ ဒါကိုလည်း မီဇိုရမ်အစိုးရအနေနဲ့လည်း ကြိုးစားနေဆဲဖြစ်ပါတယ်။

March 14, 2026
တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၊ အခြားအင်အားစုများနှင့် လက်တွဲပြီး “ဖက်ဒရယ်...
March 12, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့တို့ တွေ့ဆုံပြီး...
March 11, 2026
ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် စစ်ကော်မရှင်တပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့တို့ ပစ်ခတ်မှု...
March 10, 2026
ချင်းပြည်နယ်၊ လောက်တူဒေသအတွင်း တရားဥပဒေစိုးမိုးရေးနှင့် လူမှုဘဝတည်ငြိမ်အေးချမ်းရေးအတွက်...