မွန်လွှတ်တော်ဦးစီးမှူးတစ်ဦး ငွေတောင်းခံသည့်ကိစ္စစိစစ်ပြီး

မွန်လွှတ်တော်ဦးစီးမှူးတစ်ဦး ငွေတောင်းခံသည့်ကိစ္စစိစစ်ပြီး
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ်လွှတ်တော်(photo: MNA)
မွန်ပြည်နယ်လွှတ်တော်(photo: MNA)
မွန်ပြည်နယ်လွှတ်တော်တွင် အသစ်ခန့်အပ်ရန်ရွေးချယ်ခံရသည့် အငယ်တန်းစာရေးတို့အား ဦးစီးမှူးတစ်ဦးမှ ငွေကြေးတောင်းခံခဲ့သည်ဆိုသည့်ကိစ္စကို မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာနှင့် အသနားခံစာ၊ တင်ပြစာများနှင့် အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေး ကော်မတီမှ စိစစ်ပြီးစီးသွားပြီဖြစ်ကြောင်း ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သူမှ သိရသည်။

အသစ်ခန့်အပ်သည့်ဝန်ထမ်း၊ လက်ရှိဝန်ထမ်းများနှင့် ဦးစီးမှုး စသည့်ပါဝင်ပတ်သက်သူ ၁၀ ဦးကျော်တို့အား စိစစ်ခဲ့ပြီးနောက် ဇူလိုင်လ ၁၃ ရက်တွင် လွှတ်တော်ဥက္ကဋ္ဌ ၊ ဒု-ဥက္ကဋ္ဌတို့အား အစီရင်ခံစာ ပေးပို့ထားကြောင်း ၄င်းက ဆက်ပြောသည်။

“အကယ်လို့ မအောင်တဲ့ကလေးက တိုင်တယ်ဆိုတစ်မျိုးပေါ့၊ အငယ်တန်းစာရေးဖြစ်ဖို့က ခက်ခက်ခဲခဲနဲ့ လူတွေ့ရော ရေးဖြေရော နှစ်ခုလုံး တော်တော်လေးအရည်ချင်းစစ်ပြီး ဖြေရတာ အရည်ချင်းပြည့်မှီလို့သာ အောင်သွားတယ်၊ အခုလက်ရှိ ဖြေတာအောင်လို့ ရလာတဲ့အလုပ်ကို လုပ်ချင်စိတ်မရှိတော့ဘဲနဲ့ နှုတ်ထွက်စာတင်ပြီး တိုင်စာပို့တယ်ဆိုတာကတော့ သာမန်ရိုးကျတော့မဟုတ်ဘူး” ဟု ဦးအောင်ကျော်သူက ဆက်ပြောသည်။

လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌအား ကန်တော့ရန် မွန်ပြည်နယ်လွှတ်တော်ရှိ ဦးစီးမှူးတစ်ဦးက အသစ်ခန့်အပ်ရန်ရွေးချယ်ထားသည့် အငယ်တန်းစာရေး (၅) ဦးအား ငွေကျပ် ၃ သိန်းစီ တောင်းခံသည်ဆိုသည့်ကိစ္စအား စီစစ်ခဲ့ခြင်း ဖြစ်သည်။  

မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက “လွှတ်တော်ဆိုတာက အသန့်ရှင်းဆုံးနေရာ ဥပဒေပြုတဲ့နေရာ နော်၊ ပြည်သူတွေရဲ့အသံကို နားထောင်တဲ့နေရာ၊ အဲ့တော့ ဒီလိုမျိုးကိစ္စကို အသန့်ရှင်းဆုံးနေတဲ့ ဒီလွှတ်တော်က ဒီကိစ္စကို စစ်ဆေးတယ်၊ တက်လာတဲ့အချက်တွေကို ပြည်ထောင်စုလွှတ်တော်ကိုတင်ပြမယ်၊ ကျန်တဲ့အပိုင်းကတော့ အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့အပိုင်းတွေပေါ့” ဟု ပြောသည်။

မွန်ပြည်နယ်လွှတ်တော်ရုံးတွင် လွှတ်တော်ဝန်ထမ်းများအဖြစ်ခန့်အပ်ထားရှိရန် ရုံးဖွဲ့စည်းပုံအရ အငယ်တန်းစာရေးများ ခေါ်ဆိုရာတွင် လျှောက်လွှာလာတင်သူဦးရေ ၁၆၀ ကျော်ရှိကြောင်း လွှတ်တော်ဒုဥက္ကဋ္ဌထံမှ သိရသည်။

အဆိုပါလျှောက်လွှာလာတင်သူများမှ အရည်အချင်းပြည့်မှီသည့် (၉) ဦးရွေးချယ်ခံရပြီးနောက် ငွေတောင်းခံရသည့်ကိစ္စဖြစ်ပေါ် လာသည်ကို ဖေ့စ်ဘွတ်စာမျက်နှာပေါ်တွင် ဆရာတော်တစ်ပါး ရေးသားဖော်ပြချက်အရ လွှတ်တော်အကြီးအကဲများ သိရှိလာရခြင်း ဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်အသီးသီးအတွက် ၂၀၁၇ နှစ်ကုန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းမဟုတ်သည့် သီးခြားလွှတ်တော်ဝန်ထမ်းများခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော်မှ လမ်းညွှန်ထားသည်ဟု သိရသည်။

Most read this week

January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...