စစ်ကောင်စီ လက်နက်ဝယ်ယူမှုကို လက်ခံဆောင်ရွက်ခြင်း မပြုရန် စင်္ကာပူကို တောင်းဆို

စစ်ကောင်စီ လက်နက်ဝယ်ယူမှုကို လက်ခံဆောင်ရွက်ခြင်း မပြုရန် စင်္ကာပူကို တောင်းဆို

စစ်ကောင်စီ၏ စစ်လက်နက်ပစ္စည်းဝယ်ယူရာတွင် စင်ကာပူနိုင်ငံသည် အခရာကျသည့်အခန်းကဏ္ဍတွင်ရှိနေပြီး ထိုအခြေအနေမှ မဖြစ်မနေရပ်တန့်ပေးရန် Justice For Myanmar က ထုတ်ပြန်တောင်းဆိုလိုက်သည်။

စင်ကာပူနိုင်ငံသည် မြန်မာနိုင်ငံအတွက် လက်နက်ဝယ်ယူပေးသည့် လက်နက်ပွဲစားများကို ၎င်းတို့နိုင်ငံအတွင်း အခြေချခွင့်ပြုထားပြီး ငွေပေးချေမှုအဆင်ပြေစေရန်ကိုလည်း စင်ကာပူနိုင်ငံမှ တဆင့်ပြု လုပ်နေကြသည်ဟု Justice For Myanmar ၏ ဖေဖော်ဝါရီလ ၇ ရက်နေ့ထုတ် ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

Justice For Myanmar က ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “စစ်ကောင်စီဆီ စစ်လက်နက်စီးဆင်းမှုတွေ ရပ်တန့်ဖို့ ကမ္ဘာလုံးဆိုင်ရာ စစ်လက်နက် ရောင်းချမှုပိတ်ပင်ရေးကို ချက်ချင်းလက်ငင်း လုပ် ဆောင်ရမှာ ဖြစ်ပါ တယ်" ဟု ပြောသည်။

မြန်မာစစ်တပ်အတွက် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ တန်ဖိုးရှိသည့် စစ်လက်နက်များနှင့် စစ်ဘက် ဆိုင် ရာ ပစ္စည်းများကို International Gateways Group of Companies Limited (IGG)၊ Myanmar Consultancy Company Limited နှင့် Myanmar New Era Trading Company များကဆောင်ရွက်ပေးနေကြောင်း Justice For Myanmar ကထောက်ပြခဲ့သည်။

လျှို့ဝှက် ပေါက်ကြားလာသည့် စာရွက်စာတမ်းတစ်ခုတွင် IGG ၏ ကုမ္ပဏီခွဲ Gateways Hongkong Company Limited ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း မြန်မာ့လေတပ်အတွက် အမေရိကန်ဒေါ်လာ ၈ သန်းတန်ဖိုးရှိ လေ ယာဉ် စက်ပစ္စည်းများပေးသွင်းရန် အနည်းဆုံး စာချုပ် ၁၂ ခုကိုပေးအပ်ခဲ့သည်ဟု ဖော်ပြထားကြောင်း Justice For Myanmar က ဆိုသည်။

မြန်မာစစ်တပ် ကိုယ်စား လက်နက်ဝယ်ယူပေးနေသည့် အဓိကကုမ္ပဏီများ၏ ဒါရိုက်တာများနှင့် ရှယ်ယာရှင် နေရာများတွင် လူပုဂ္ဂိုလ် ၁၈ ဦးကိုလည်း ဖော်ပြထားပြီး ၎င်းတို့ထဲမှ ၄ ဦးမှာ မိသားစုဝင်များဖြစ်သည် ဟု Justice For Myanmar ကဖော်ပြထားသည်။

 

ဖော်ပြထားသည့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီက စင်ကာပူနိုင်ငံတွင် ကုမ္ပဏီခွဲများ ဖွင့်လှစ်ထားပြီး မြန်မာစစ်တပ်နှင့် နိုင်ငံတကာ လက်နက်ရောင်းချသူများကြား ငွေပေးချေမှု အဆင်ပြေစေရန် ဆောင်ရွက်ပေးနေသည်ဟု လည်း Justice For Myanmar က ဆိုသည်။

“ကမ္ဘာတဝှမ်းက အစိုးရတွေအနေ နဲ့ မြန်မာစစ်တပ်ကို စစ်လက်နက်ကူပေးနေပြီး မြန်မာပြည်သူတွေအပေါ် ဆက်လက်တိုက်ခိုက် မှုတွေမှာ ကြံရာပါပတ်သက်နေတဲ့ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေကို ပစ်မှတ်ထား ဒဏ်ခတ် ပိတ်ဆို့မှုတွေ အရေးတကြီးလုပ်ဆောင်ဖို့ Justice For Myanmar က တောင်းဆိုပါတယ်” ဟု မရတနာမောင် က ပြောသည်။

လက်နက်ပွဲစားများအနက် ဒေါက်တာနိုင်ထွဋ်အောင်သည် မြန်မာ့ စစ်လက်နက်ကုန်သွယ်မှုတွင် အဓိကပုဂ္ဂိုလ် တစ်ဦးဖြစ်ပြီး တရုတ်နိုင်ငံရှိ ပစ္စည်းပေးသွင်းသူများနှင့် မြန်မာ့လေတပ်၊ မြန်မာ့ရေတပ်တို့ကြား အဓိက အကျိုး ဆောင်ပေးသူ တစ်ဦးလည်း ဖြစ်သည်ဟု မရတနာမောင် က ပြောသည်။

ဒေါက်တာနိုင်ထွဋ်အောင်သည် လက်ရှိကာကွယ်ရေးဦးစီးချုပ်၊ “စစ်ရာဇဝတ်ကောင်” ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် အပါအဝင် ထိပ်ပိုင်း စစ်ခေါင်းဆောင်များနှင့်လည်း ဆက်နွယ်မှုရှိသည်ဟု Justice for Myanmar က ဖော်ပြသည်။

အမျိုးသားညီညွတ်ရေး အစိုးရ NUG စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဇန္နဝါရီလ ၂၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ကြေညာချက် တစ်စောင်တွင်လည်း ဒေါက်တာနိုင်ထွဋ်အောင်နှင့် IGG ကုမ္ပဏီသည် စစ်ကောင်စီအတွက် စစ်လက်နက်ပွဲစား လုပ်ကိုင်သည့် အမည်စာရင်းတွင် ဖော်ပြခဲ့သေးသည်။

ကုန်ပစ္စည်းတင်ပို့မှု အချက်အလက်စုစည်းသည့် Import Genius ၏ မှတ်တမ်းများအရ ထင်ရှားသောအခြား ကုမ္ပဏီ တစ်ခုဖြစ်သည့် Myanmar Consultancy Company Limited မှာ စစ်အာဏာသိမ်း ကြိုးပမ်းမှု နောက်ပိုင်း မြန်မာစစ်တပ်အတွက် စက်ပစ္စည်း အစိတ်အပိုင်းများ တင်သွင်းပေးခဲ့သည်ဟုလည်း Justice For Myanmar က ထည့်သွင်းဖော်ပြထားသည်။

ကာကွယ်ရေးဝန်ကြီးဌာနက စာရွက်စာတမ်းတစ်ခုတွင် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်း စုစုပေါင်း အမေရိကန် ဒေါ်လာ ၃ ဒဿမ ၇ သန်းကျော် တန်ဖိုးရှိ လေယာဉ် စက်ပစ္စည်း အစိတ်အပိုင်းများနှင့် စစ်သင်္ဘောများအတွက် စစ်လက်နက်များကို ကုမ္ပဏီ တစ်ခုတည်းက ၅ ကြိမ်တိုင်ဝယ်ယူပေးခဲ့သည့် အသေးစိတ်အချက် အလက်များ ပါ ရှိသည်ဟုလည်း Justice For Myanmar ဖော်ထုတ်ခဲ့သည်။

“စစ်ကောင်စီက အဆင်အခြင်မဲ့ လေကြောင်းက တိုက်ခိုက်တာ၊ ဗုံးကြဲတာ၊ အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းတာ၊ မုဒိန်းကျင့်တာတွေစတဲ့ သူတို့ရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို ဆက်ပြီးကျူးလွန်နေတုန်းပါပဲ” ဟု  မရတနာ မောင် က ဆက် ပြောသည်။

UNHCR ရဲ့ အချက်အလက်များအရ စစ်အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်း အရပ်သားပြည်သူ လေးသိန်းကျော် ကို အတင်းအဓမ္မ ဖိအားပေး ရွှေ့ပြောင်းစေခဲ့ပြီး စစ်ကောင်စီက ပြည်သူလူထုအတွက် လူသားချင်း စာနာ ထောက်ထားမှု အကူအညီများကိုပါ နှောက်ယှက် ဖျက်ဆီးပိတ်ပင်မှုများလုပ်ခဲ့သည့်အပြင် ကျန်းမာရေးနှင့် ကူ ညီ ထောက်ပံ့ရေးဝန်ထမ်းများကိုလည်း တိုက်ခိုက်နေသည်ဟု Justice For Myanmar က ထောက်ပြထားသည်။

စစ်ကောင်စီသည် အာဏာသိမ်းယူခဲ့သည့် တစ်နှစ်အတွင်း လက်နက်မဲ့ အရပ်သားပြည်သူ ၁၅၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး လူပေါင်း ၁၁၀၀၀ ကျော်ကိုလည်း ဖမ်းဆီးထားသည်။

ဓါတ်ပုံ - ပုံဟောင်း
July 27, 2026
စစ်တပ်က အင်အားထပ်မံဖြည့်တင်းထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ၇ မိုင်အကွာရှိ ရွှေမင်းဂံရေတပ်...
July 27, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ လေးကေ့ကော်မြို့သစ် အနောက်ဘက် ရဲကုန်းနေရာ၌ ပြီးခဲ့သည့်...
July 27, 2026
UWSA ‘ဝ’ အပါအဝင် မဟာမိတ်ညီနောင် အချို့ စစ်တပ်နှင့် တွေ့ဆုံရန် ပြင်ဆင်နေချိန်အတွင်း...
ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...