မွန်ပြည်နယ်မြို့ဝင်ကြေးဘီးခွန်များကို ဒေသဖွံ့ဖြိုးရေးတွင် အသုံးပြုမည်

မွန်ပြည်နယ်မြို့ဝင်ကြေးဘီးခွန်များကို ဒေသဖွံ့ဖြိုးရေးတွင် အသုံးပြုမည်
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ်အတွင်း ကောက်ခံရရှိသည့် မြို့ဝင်ကြေးဘီးခွန်ခများကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

မြို့ဝင်ကြေး ဘီးခွန်များကို ပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် စည်ပင်သာယာရေးအဖွဲ့မှ ဇွန်လ ၁ ရက်နေ့မှ စတင်ကောက်ခံလျက်ရှိသည်။

“မြို့ဝင်ကြေးက ကောက်ခံရရှိထားတဲ့ငွေတွေကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်မယ်၊ အဲဒီတော့ စည်ပင်သာယာအဖွဲ့က လုပ်ရမယ့် လုပ်ငန်းတွေလည်း အများကြီး ပိုလုပ်နိုင်တော့မယ်” ဟု မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောသည်။

မြို့ဝင်ကြေး ဘီးခွန်စတင်ကောက်ခံသည့် ဇွန်လ ၁ ရက်နေ့မှ ဇူလိုင်လ ၄ ရက်နေ့ထိ ငွေကျပ်သိန်းပေါင်း ၁၁၃၇ ဒသမ ၂၉၂ ကျပ် ကောက်ခံရရှိထားသည်ဟု ၄င်းကဆက်ပြောသည်။

မွန်ပြည်နယ် ၁၀ မြို့နယ်အနက် ချောင်းဆုံမြို့တစ်မြို့နယ်သာ ပုဂ္ဂလိကသို့ လေလံပေးထားပြီး ကျန်သည့် ၉ မြို့နယ်ကို သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကောက်ခံလျက်ရှိသည်။

 “ကုမ္ပဏီကောက်တုန်းကလဲ မော်လမြိုင်နဲ့ သံဖြူဇရပ်ကို ၆၀၀ ကျပ်ကုန်တယ်၊ အခု စည်ပင်ကောက်တော့လဲ ၆၀၀ ပဲကုန်တယ်၊ ဘာမှမထူးဘူး” ဟု မော်လမြိုင်-သံဖြူဇရပ် လိုင်းကားဆွဲနေသည့် ကားသမားတစ်ဦးက ပြောသည်။

မြို့ဝင်ကြေး ဘီးခွန်များကို ယာဉ်ကြီးတစ်စီးလျှင် ၅၀၀ ကျပ်၊ ယာဉ်လတ်တစ်စီးလျှင် ၃၀၀ ကျပ်နှင့် ယာဉ်ငယ်တစ်စီးလျှင် ၂၀၀ ကျပ်နှုန်းဖြင့် သတ်မှတ်ထားပြီးဖြစ်ကြောင်း ဦးမြင့်အောင်က ဆက်ပြောသည်။

မြို့ဝင်ကြေး ဘီးခွန်ကောက်ခံရာတွင် မော်တော်ယာဉ်တစ်မျိုးတည်းကိုသာ ကောက်ခံပြီး မော်တော်ဆိုင်ကယ်များအပေါ် ကောက်ခံခြင်းမရှိပေ။

၂၀၁၆ ခုနှစ်တွင် မွန်ပြည်နယ်မြို့ဝင်ကြေးအခွန်ငွေ ကျပ်သန်း ၄၂၄ ဒသမ ရ၀၇၉ ကျော်ရရှိခဲ့သည်ဟု ပြည်နယ်စည်ပင်သာယာရေးရုံးရှိစာရင်းအရ သိရသည်။

Most read this week

January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...