ပူတာအိုနှင့် ဆွမ်ပရာဘွမ်ကြား စစ်ရေးအရ အရေးပါသော စစ်စခန်းကို KIA သိမ်းပိုက်

ပူတာအိုနှင့် ဆွမ်ပရာဘွမ်ကြား စစ်ရေးအရ အရေးပါသော စစ်စခန်းကို KIA သိမ်းပိုက်
ဓါတ်ပုံ - The Kachin Net
ဓါတ်ပုံ - The Kachin Net

ကချင်လွတ်လပ်ရေးတပ်မတော် KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီ တပ်စခန်း ၃ ခုကို တစ်ပြိုင်နက် တည်းတိုက်ခိုက်ခဲ့ရာ၊ စစ်ရေးအရ အရေးပါသော စခန်းတစ်ခုကို သိမ်းပြီး မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟု KIO က ပြောသည်။

ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ကချင်ပြည်နယ် ပူတာအိုရှိ စစ်ရေး ဗျူဟာ အရ အရေးကြီးသည့် စစ်ကောင်စီ၏ ဆွမ်ပီယန် တပ်စခန်း အပါအဝင် စခန်း ၃ ခုကို တစ်ပြိုင်နက်တည်း ဝင် ရောက် တိုက်ခိုက်ခဲ့ပြီး ဆွမ်ပီယန်တပ်စခန်းကို သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးခဲ့သည်။

KIO/KIA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “ကျနော်တို့ ပူတာအိုဘက်မှာ တိုက်ပွဲဖြစ်တာ မှန်ပါတယ်။ အတည်ပြုပြောလို့ရပါတယ်။ ဒီမနက် ၁၀ နာရီခွဲကနေ ဝင်တိုက်တယ်ဆိုတဲ့သတင်းရှိပါတယ် ခင်ဗျ။ တစ်နာရီ နှစ်နာရီလောက်တော့ ကြာတယ်လို့ ပြောပါတယ်။ ဆွမ်ပီယန်ဆိုတဲ့ စခန်းပေါ့နော်၊ ကျနော်တို့ ဆွမ်ပရာဘွမ်နဲ့ ပူတာအိုကြားဖြစ်ပါတယ် ခင်ဗျ။ မြို့ငယ်လေးဖြစ်ပါတယ်။ ဆွမ်ပီယန်ရယ်၊ နောက်လုံရှာယန် ရယ်၊ နောက်တစ်ခုရှိတာကတော့ ကျနော်တို့ ကချင်တိုင်းရင်းသားအခေါ်ပေါ့ ရှင်ကပ်ဘွမ်လို့ခေါ်တဲ့စခန်းရယ် ၃ နေရာကို ဝင်စီးတာဖြစ်ပါတယ်” ဟု ပြောသည်။

ညနေ ၄ နာရီကျော်အချိန်ခန့်ထိ အဆိုပါနေရာအနီးတဝိုက်တွင် နှစ်ဖက်ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေပြီး ကျန်စခန်းနှစ်ခု၏ အခြေအနေနှင့်ပတ်သက်၍ သိမ်းပိုက်နိုင်ခြင်း ရှိမရှိကို အတည်ပြုနိုင်သေးဘူးဟု ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။

“အဲ့ဒီ ၃ နေရာဝင်စီးတဲ့နေရာမှာ ဒီဆွမ်ပီယန်ကတော့ ဝင်စီးပြီးမှ မီးရှို့ဖျက်ဆီးလိုက်တယ်ဆိုတဲ့ သတင်းတွေ ကျနော်တို့ဆီမှာ ပို့လာတာရှိပါတယ်ခင်ဗျ။ ကျန်တဲ့နှစ်ခုကတော့ အခုထက်ထိတော့ မကြားရသေးပါဘူး။ သူတို့က တိုက်နေတုန်း၊ တိုက်ပွဲဖြစ်နေတုန်းလို့ပဲ သတင်းပို့လာတာရှိပါတယ်။”

ယနေ့ သိမ်းပိုက်မီးရှို့ဖျက်ဆီးနိုင်ခဲ့သည့် ဆွမ်ပီယန်စခန်းကုန်းသည် ဆွမ်ပီယန်ကျေးရွာ၏ အထက်ဘက်ရှိ ကုန်း ပေါ်တွင်ရှိပြီး၊ စစ်တပ်နှင့် ပြည်သူ့စစ်များ ထိုင်သည့် စစ်ရေးအရ အရေးကြီးသည့် စခန်းကုန်းတစ်ခုဖြစ်သည်။

ဗိုလ်မှူးကြီးနော်ဘူ က “အရေးကြီးပါတယ်။ အခုနကပြောသလို ဆွမ်ပရာဘွမ်နဲ့ ပူတာအိုကြားက အရေးကြီးတဲ့ စခန်းတစ်ခုဖြစ်ပါတယ်။ နောက် ကျနော်တို့ KIA ရဲ့ အမှတ် ၇ တပ်ရင်း နယ်မြေဘက်မှာထိန်းတဲ့ တပ်စခန်း လည်း ဖြစ်ပါတယ်။ ဆိုတော့ တော်တော်အရေးကြီးတယ်လို့ ပြောလို့ရပါတယ်” ဟု ဆက်ပြောသည်။

ဖေဖော်ဝါရီလ ၁ ရက် နွေဦးတော်လှန်ရေး ၁ နှစ်ပြည့်သည့် နေ့တွင် KIA က စစ်ရေးလှုပ်ရှားမှု ပြုလုပ်သည့် အနေဖြင့် ပူတာအိုရှိ စစ်ကောင်စီတပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်သည့် အပြင် ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု KIO/KIA က ပြောသည်။

“ကွတ်ခိုင်ဘက်မှာလည်း ဖြစ်တယ်လို့ ကြားပါတယ်။ တိုက်ပွဲကတော့ မဟုတ်လောက်ဘူးထင်တယ်။ အဝေးက နေ လက်နက်ကြီးနဲ့ လှမ်းပစ်ကြတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အတိအကျတော့ မသိဘူးပေါ့နော်။ နမ့်ခမ်း ဘက်မှာလည်း TNLA နဲ့ လက်နက်ကြီးနဲ့ လှမ်းပစ်ကြတယ်လို့ ပြောပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ယနေ့ ရှမ်းမြောက် မြန်မာ-တရုတ်နယ်စပ် နမ့်ခမ်းနှင့် ကွတ်ခိုင်မြို့တို့တွင် ဖြစ်ပွားခဲ့သည့် အခြေအနေများနှင့် ပတ်သက် ၍ ပြောသည်။

ထို့အပြင် ဇန္နဝါရီလ ၂၉ ရက်နေ့တွင်လည်း မုံးကိုးမြို့နယ်ခွဲ မုံးပေါ်ဒေသ ဆမာကျေးရွာနှင့် မန်ကန်ကျေးရွာကြား တွင် ကချင် လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၃၆ နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီ ထ၏ ယာယီတပ်စခန်းတစ်ခုကို KIA က သွားရောက်မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံက ဆိုသည်။

February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...