ဆုပ်လည်းဆူး စားလည်းရူး

ဆုပ်လည်းဆူး စားလည်းရူး

“အနှစ် ၂၀ ကျော် ၂၅ နှစ်လောက်အဆက်အသွယ်မရဘူး ဆက်သွယ်လာတော့ မိုင်းနင်းမိလို့ ခြေထောက် ဖြတ်ခံထားရတယ်တဲ့”

နှစ်ပေါင်းများစွာမိသားစုနဲ့ အဆက်အသွယ်ပြတ်ခဲ့တဲ့ မောင်ဖြစ်သူကို သေပြီလို့အောက်မေ့ပြီး နေနေတုန်းမှာပဲ ပြန်ဆက်သွယ်လာတော့ စစ်သားဖြစ်နေခဲဲ့ကာ ကယားပြည်နယ်က တိုက်ပွဲမှာ မိုင်းနင်းမိခဲ့တာကိုလည်း သိလိုက်ရတယ်လို့ မသန်းသန်း(အမည်လွှဲ) ကပြောပြပါတယ်။

“သူဆယ်ကျော်သက် အရွယ်လောက်တုန်းက ပျောက်သွားတာ ဘယ်ရောက်သွားမှန်းလဲမသိဘူး ဆက်သွယ်လို့လည်း မရဘူး လူပျောက်တိုင်တာရော၊ အမှုဖွင့်တာတွေရော မျိုးစုံလုပ်ခဲ့ပေမယ့် ဘာသတင်းမှ မရခဲ့ဘူး အမေဆိုတာ သူ့သားကို အမြဲမျှော်နေခဲ့တာ သူဆုံးပါးချိန်အထိပဲ”

ဇာတ်လမ်းတစ်ပုဒ်ပြောပြနေသလို သူ့ရဲ့မောင်အကြောင်းကို ပြောပြနေတဲ့ မသန်းသန်း ရဲ့ အသံဟာ ယူကြုံးမရတာ ဝမ်းနည်းတာနဲ့ မသေဘူးဆိုတာသိရလို့ ဝမ်းသာရတဲ့ ခံစားမှုတွေပါ ရောယှက်နေ ပါတယ်။

“သူ့ရဲ့တာဝန်က တန်းစီးဆိုလား ဘာလား ပြောပြတယ်။ စာရင်းအင်းတွေ လုပ်ရတာတဲ့။ ရှေ့တန်း တစ်ခါမှ မထွက်ဘူးဖူးဘူး ”

ရှေ့တန်းတစ်ခါမှမထွက်ဖူးတဲ့ တပ်ကြပ်ကြီးစာရေး ဖိုးသိန်း (အမည်လွှဲ) ပြီးခဲ့တဲ့ ဒီဇင်ဘာလ တုန်းက ကယားပြည်နယ် တိုက်ပွဲမှာ ရှေ့တန်းကိုသွားရောက်ရတာဖြစ်ပြီး မိုင်းနင်းမိတာကြောင့် ညာဖက်ခြေထောက် ဒူးအထက်ကနေ ဖြတ်ပစ်လိုက်ရတာပါ။

သူတို့မောင်နှမ လက်ရှိအချိန်ထိ ဖုန်းနဲ့ပဲ အဆက်အသွယ်ရထားတာဖြစ်ပြီး လူချင်းမတွေ့ရသေး ဘူးလို့ မသန်းသန်းက ဆိုပါတယ်။

တပ်ကြပ်ကြီးစာရေး ဖိုးသိန်း ဟာ ဇနီးနဲ့ ကလေးနှစ် ယောက်ရှိပြီး တပ်ပြင်ပမှာ ယောက္ခမတွေနဲ့ တူတူနေတယ်လို့ သိရပါတယ်။

တိုက်ပွဲကိုသွား အမောင်စစ်သား ရတာ ဘာများလဲ

“ခြေထောက်ဖြတ်လိုက်ရတာ ညာဖက်ဆိုတော့ဘာမှ လုပ်စားလို့မရဘူး။ သူ့ကိုနစ်နာကြေး မပေးဘူးဆိုရင် သူ့ဗိုလ်ကိုပြောမယ် တောင်းဆိုမယ်လို့တော့ ပြောတာပဲ။ သူ့အရင် ခြေထောက် ဖြတ်ရတဲ့သူတွေကိုမေးကြည့်တော့ လျှော်ကြေးက လေးသိန်းခွဲရတယ်တဲ့ ဒါကလဲ တင်ထားရတယ် တစ်လလောက်တော့ကြာတယ်လို့ပြောတယ်တဲ့။ ကိုယ်ကဘာပြောရမလဲ လူချင်းတောင် မတွေ့ရ သေးဘူး ဒီလိုကြီးဖြစ်တော့ စိတ်မကောင်း ဖြစ်ရတာပေါ့”  လို့ မသန်းသန်းက ပြောပါတယ်။

တကယ်တော့ တိုက်ပွဲမှာ ကိုယ်လက်အင်္ဂါဆုံးရှုံးသွားတဲ့ စစ်သားတွေကို တပ်က ဆေးကုသမှုသာ ပေးပါတယ် ‌လျှော်ကြေး နစ်နာကြေး ဆိုတာမျိုး တစ်စုံတရာ ရရှိတာမျိုးမရှိပါဘူး။ ကကရေး လို့ခေါ်တဲ့ စစ်ရေးချုပ်ရုံးကတော့ ကျပ် ငါးသောင်း နဲ တစ်သိန်း ပေးတယ်လို့ ဆိုပါတယ်။ ဒါဟာလည်းချက်ချင်းရတာမျိုးမဟုတ်ဘဲ စီနီယာအလိုက် တန်းစီပြီး ကိုယ့်အလှည့် ရောက်မှသာ ရတာမျိုးပါ။

CDM ဗိုလ်ကြီး လင်းထက်အောင်က “ကိုယ်လက်အင်္ဂါဆုံးရှုံးတဲ့သူတွေ နစ်နာကြေးမရဘူး ဆေးကုသခွင့်ပဲရတယ်။ ဆေးကုသပြီးရင် ကိုယ်လက်အင်္ဂါဆုံးရှုံးထားတဲ့သူတွေကို ထားတဲ့ တပ်ရှိတယ် အဲ့မှာ တာဝန်ပြန်ထမ်းဆောင်ရတယ်။ ပုံမှန်စစ်သားလိုပဲ လစာ ခံစားခွင့်ရတယ်” လို့ ပြောပြပါတယ်။

တပ်ကနေ ထွက်ခွာခွင့်ရရင်တော့ ကကရေးက သုံးသိန်းကျပ် ခံစားခွင့်ပြုတယ်လို့ဆိုပါတယ်။ လစဉ် လစာကနေ ဖြတ်တောက်ခံထားရတဲ့အသက်အာမခံငွေကတော့ သေဆုံးသူတွေသာ ခံစားခွင့်ရတာမျိုးပါ။

တိုက်ပွဲမှာ ကျဆုံးသွားရတဲ့သူတွေကတော့ သူတို့ရဲ့ စစ်သက်ပေါ်မူတည်ပြီး ခံစားခွင့် ၊ ဦးပိုင်က အမြတ်ငွေ ၊ အသက်အာမခံငွေ၊ ပင်စင်လစာ ကို သူတို့ရဲ့ မိသားစုက ခံစားခွင့်ရှိပါတယ်။

တပ်ကိုစွန့်ခွာခွင့်ရပြီလား

တပ်ကြပ်ကြီးစာရေး ဖိုးသိန်း ဟာ ခြေထောက်ဖြတ်လိုက်ရပြီးနောက်မှာ ရန်ကုန်မှာ ပြန်လည် သန်စွမ်းရေးအတွက် တစ်လ လေ့ကျင့်ခန်း လုပ်ရမှာဖြစ်ပြီး ပြီးရင် ပဲခူးက မသန်စွမ်း တပ်မှာ တာဝန်ဆက်လက် ထမ်းဆောင်ရမယ် လို့ ကနဦးသိထားရကြောင်း ဆိုပါတယ်။

“သူကတော့ ပဲခူးက မသန်စွမ်းတပ်ကိုမသွားချင်ဘူးပြောတယ် ထွက်ခွင့်ရရင် ထွက်ချင်တယ်လို့ ပြောတယ်။ ဘာဆက်ဖြစ်လာဦးမယ်မသိဘူး။” လို့ တပ်ကြပ်ကြီး ဖိုးသိန်း ရဲ့ ဆန္ဒကို မသန်းသန်းကပြောပြပါတယ်။

ကိုယ်လက်အင်္ဂါဆုံးရှုံးသွားရတဲ့ စစ်သားတွေအတွက် ဖွဲ့စည်းထားတဲ့တပ်ဟာ ပဲခူးတိုင်း တောင်ငူမှာ ရှိပါတယ်။ သူတို့ကို သွားလာလှုပ်ရှားနိုင်မှုရှိနေသမျှ တပ်ကနေ ထွက်ခွင့်မပြုဘဲလုပ်နိုင်တဲ့ အရာတွေ ကို ပြန်လည်ခိုင်းစေပါတယ်။

တပ်ရှေ့ဂိတ်အပေါက်ဝမှာ ဂိတ်ကင်းစောင့်တာ၊ ဆံပင်ညှပ်တာ၊ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ပြန်လည်ခိုင်းစေတာဖြစ်ပါတယ်။

ထွက်ခွင့်တင်ထားရပြီး တပ်အခြေအနေပေါ်မူတည်ပြီး လေးနှစ် ငါးနှစ်လောက်ကြာမှ ထွက်ခွင့်ရတာ မျိုးလည်း ရှိတယ်လို့ဆိုပါတယ်။

CDM ဗိုလ်ကြီးတစ်ဦးဖြစ်တဲ့ ဗိုလ်ကြီးညီသုတက သူတာဝန်ထမ်းဆောင်ဖူးတဲ့ တပ်တစ်ခုမှာ တပ်သား ၁၀၀ ကျော်လောက်မှာ ၄၀ လောက်က ခြေပြတ်လက်ပြတ် တွေ ဖြစ်နေတာကို တွေ့ရတယ်လို့ ပြောပြပါတယ်။

တပ်သားတစ်ဦးရဲ့ ကျန်းမာသန်စွမ်းမှုကို ဆေးအဆင့်သတ်မှတ်ပေးထားပါတယ်။ ပုံမှန်လူကောင်းတစ်ဦးလို လှုပ်ရှားသွားလာနိုင်သူဟာ ဆေးအဆင့် (က) ဖြစ်ပြီး ကိုယ်လက်အင်္ဂါ တစ်ခုခု ချွတ်ယွင်းမသန်စွမ်းရင် ဆေးအဆင့် (ခ) ၊ ကိုယ်လက်အင်္ဂါ နှစ် ခုချွတ်ယွင်းရင် ဆေးအဆင့် (ဂ) စသဖြင့် သန်စွမ်းမှုအပေါ် မူတည်ပြီး ဆေးအဆင့်နှိမ့်ပြီးမှ ထွက်ခွာခွင့်ရတာဖြစ်ပါတယ်။

“စစ်သားတစ်ဦး မသန်စွမ်းဖြစ်သွားပေမယ့် ဆေးအဆင့်ကိုနှိမ့်ပေးတာမျိုးဆိုတာမရှိဘူး၊ အလွယ်တကူထွက်ခွင့်မပေးဘူး။ ဒီလူက သွားနိုင်လာနိုင် လှုပ်ရှားနိုင်ရင်ကိုပဲ စစ်တပ်မှာ ပြန်လည်ခိုင်းစေတာပဲ”လို့ ဗိုလ်ကြီး လင်းထက်အောင်က တပ်တွင်းထွက်ခွါခွင့်နဲ့ပတ်သက်ပြီး ပြောပြပါတယ်။

အရင်က စစ်တပ်မှာ ဆေးပင်စင်ဆိုတာ ငွေနဲ့လိုက်ပြီး ယူလို့ရပေမယ့် စစ်တပ်အာဏာသိမ်းပြီး နောက်မှာ တပ်ကနေ ထွက်ခွင့်ဆိုတာ ဘယ်လိုအကြောင်းပြချက်နဲ့မှ မပေးတော့ဘူးလို့ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်တစ်ဦးရဲ့ ဇနီးသည်ကလည်း ပြောပြပါတယ်။

“အခုဆို ခြေပြတ် လက်ပြတ်ဆိုရင်တောင် ထွက်ခွင့်မပေးဘဲ ခိုင်းလို့ရသလောက် ခိုင်းနေတာ။ ဂိတ်ဝမှာ ကင်းစောင့်တာပဲဖြစ်ဖြစ် စာရင်းအင်းလုပ်တာပဲ ဖြစ်ဖြစ် ခိုင်းလို့ရတဲ့နေရာမှန်သမျှမှာ ပြန်ပြီးခိုင်းဖို့ ထွက်ခွင့်မပေးဘူးဖြစ်နေတယ်” လို့ သူက ဆိုပါတယ်။

“တပ်တွင်းမှာ အခုလောလောဆယ် ပရိုမိုးရှင်း (ရာထူးတိုး) တွေကိုပါ ဆိုင်းငံ့ထားတယ် စစ်ရေးပိုင်း ကိုပဲ ဦးစားပေးပြီးလုပ်နေကြတယ် " လို့ သူကပြောပါတယ်။

သူ့ရဲ့အမျိုးသားဟာလည်း အာဏာမသိမ်းခင်က သင်တန်းတက်ရပြီး သင်တန်းဆင်းပါက ရာထူးတိုးမှာဖြစ်‌ပေမယ့် လက်ရှိအချိန်အထိ ရာထူးမတိုးသေးဘူးလို့ဆိုပါတယ်။ "ထွက်ချင်တာလည်း ထွက်လို့မရဘူး” လို့ သူကဆက်ပြောပြပါတယ်။

တပ်အင်အား ဘာဖြစ်နေပြီလဲ

ပုံမှန်ဆို တပ်ကြပ်ကြီး စာရေးဆိုတာမျိုးက တပ်တွင်းက နောက်တန်းမှာ အမြဲနေရတဲ့ ရုံးဝန်ထမ်း တွေဖြစ်ကြပါတယ်။

ဒီလိုရုံးဝန်ထမ်းတွေ ဘာ့ကြောင့်ရှေ့တန်းကိုထွက်တိုက်နေရတာပါလဲ။

“တပ်ကြပ်ကြီးစာရေးသည် ရုံးအလုပ်ရုံးမှာပဲနေပြီး လုပ်ရမှာ မြေပြင်မှာ တပ်မှုးလိုအပ်ချက်အရသာ တပ်ကြပ်ကြီးစာရေးကို ရှေ့တန်းခေါ်တာ အခုလိုပြောပုံအရဆိုရင် (တပ်ကြပ်ကြီးဖိုးသိန်းကို ရည်ညွန်း) သူတို့တပ်မှာ အင်အားအရမ်းကိုနည်းနေတယ်လို့ ပြောလို့ရတယ်”လို့ ဗိုလ်ကြီး လင်းထက်အောင်က ဆိုပါတယ်။

စစ်ကိုင်း၊ မကွေး၊ ကရင်နီ(ကယား)၊ ကရင်၊ ချင်း၊ မုံးကိုးဒေသ နဲ့  ကချင်ပြည်နယ် တွေမှာ စစ်မျက်နှာဖွင့်နေရတဲ့ စစ်တပ်မှာ နောက်ချန် အင်အား နည်းပါးနေတယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေက ပြောပါ တယ်။

ပြီးခဲ့တဲ့ ဩဂုတ်လလောက်ထဲက စပြီး တပ်တွင်းမှာ စစ်သားမယားတွေကို လက်နက်တပ်ဆင် ပေးပြီး နောက်ချန် အရန်အင်အားအနေနဲ့ ကင်းစောင့်ခိုင်းတာ၊ လေ့ကျင့်ရေးလုပ်ခိုင်းတာတွေ ရှိခဲ့ပါတယ်။

တချို့တပ်တွေမှာ အရန်အင်အားလို့ သုံးနှုန်းထားတဲ့ စစ်သားဇနီးမယားတွေကို နေ့ရောညပါ ဂိတ်ကင်း၊ အလှည့်ကျကင်း စောင့်ခိုင်းနေတယ်လို့ သိရပါတယ်။

အောက်ခြေတပ်တွေမှာ အင်အားအရမ်းနည်းနေပြီး အင်အားစာရင်း အထက်ကို တင်ပြရာမှာ ဖွဲ့စည်းပုံမပြည့်တော့လို့ ကျဆုံးစစ်သည်တွေကို ခွင့်မဲ့လုပ်သွားတယ် ဆိုပြီးတော့ကို တင်ပြနေရ တယ်လို့ ကြားသိထားရကြောင်း ဗိုလ်ကြီးလင်းထက်အောင်က ပြောပါတယ်။

တိုက်ပွဲတွေမှာ သေဆုံးမှုတွေ၊ မြို့ပြတွေမှာ ဗုံးခွဲတိုက်ခိုက်ခံရမှုတွေကြောင့် တပ်တွင်း အင်အားဟာ နေ့စဉ်လျှော့နည်းလာနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့ကပဲ စစ်သား သုံးဦးဟာ လက်နက်တွေနဲ့အတူ KNU တပ်မဟာ (၅) ထံကို လက်နက်ချ အလင်းဝင်လာခဲ့ပါတယ်။

အာဏာသိမ်းပြီးချိန်ကနေ အခုချိန်ထိ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM မှာ ပါဝင်လာတဲ့ ရဲနဲ့ စစ်သား စုစုပေါင်း ၈၀၀၀ ကျော်ရှိနေပြီး စစ်သားက ၂၀၀၀ ကျော်ပါဝင်တယ်လို့ ပြည်သူ့ရင်ခွင်အဖွဲ့ ထံကနေသိရပါတယ်။

အခုထိ တပ်ကိုမစွန့်ခွာသေးတဲ့ စစ်သားတွေကိုလည်းဗိုလ်ကြီးလင်းထက်အောင်က ခုလို တိုက်တွန်း ပါတယ်။

“တစ်စ တစ်စ ကျဆုံးနေတဲ့စစ်တပ်မှာ အဆုံးထိမနေစေချင်ဘူး တတ်နိုင်သမျှ တော်လှန်ရေးတပ်ဖွဲ့ တွေ ဆီမှာ လက်နက်ချ အညံ့ခံကြဖို့ပဲ ပြောချင်တယ်”။

Most read this week

May 16, 2024
ပညာသင်ယူမှုပြီးမြောက်လျှင် လူ့အသက်များကို ကယ်တင်ရင်း အမျိုးသားရေးပခုံးပြောင်းတာဝန်များကို...
May 14, 2024
အိန္ဒိယနိုင်ငံရောက် မြန်မာစစ်ဘေးရှောင်များအား ပံ့ပိုးကူညီပေးရန် လူ့အခွင့်အရေး လှုပ်ရှားသူ...
May 14, 2024
ကချင်လွတ်လပ်ရေးတပ်မတော်(KIA )စစ်ဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး Rခေါင်လွမ်း ကွယ်လွန်ခြင်းအတွက်...
May 3, 2024
စာနယ်ဇင်းလွတ်လပ်ခွင့်သည် ပြည်သူများ၏ သတင်းအချက်အလက် သိပိုင်ခွင့်နှင့် စဉ်းစားဆင်ခြင်...