ကျောက်မီးသွေးအသုံးပြုနေသည့် MCL ဘိလပ်မြေစက်ရုံကို ထပ်မံဆန္ဒပြမည်

ကျောက်မီးသွေးအသုံးပြုနေသည့် MCL ဘိလပ်မြေစက်ရုံကို ထပ်မံဆန္ဒပြမည်
by -
မွန်သတင်းအေဂျင်စီ/ ပိုင်နွန်
ပျားတောင်ဒေသလက်ရှိမြင်ကွင်း(photo: MNA)
ပျားတောင်ဒေသလက်ရှိမြင်ကွင်း(photo: MNA)
ကျောက်မီးသွေးကို ဆက်လက်အသုံးနေသော မော်လမြိုင် ဘိလပ်မြေစက်ရုံ MCL ကုမ္ပဏီအား ကျိုက်မရောမြို့နယ်၊ ပျားတောင်ဒေသခံများ လာမည့်ဇူလိုင်လ ၂၁ ရက်နေ့တွင် ထပ်မံဆန္ဒပြမည်ဟု ဦးဆောင်သူ နိုင်ရဲဇော်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

လာမည့် ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ဆန္ဒပြသူအင်အား ၂၀၀၀ ခန့် မော်လမြိုင်မြို့ရှိ မြို့မတံတားမှ မွန်ပြည်နယ်အစိုးရရုံးဆီသို့ ဦးတည်ချီတက်ပြီး သံလွင်ဥယျာဉ်တွင် ဟောပြောပွဲ အစီအစဉ် ပြုလုပ်မည်ဟု သိရသည်။

“မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ကို ဦးတည်ပြီး ကျောက်မီးသွေးသုံး လျှပ်စစ်စက်ရုံတွေ တည်ဆောက်မယ်လို့ ကျနော်တို့ကြားရတယ်၊ ဒါကို ကရင်ပြည်နယ်ဝန်ကြီးချုပ်ကလည်း လိုလိုလားလားနဲ့လက်ခံတယ်၊ ဒါကြောင့် ကြိုတင်ကန့်ကွက်ဆန္ဒပြထားမှ တော်ရာကျမယ်လို့ မြင်တယ်၊ အဲဒီအမြင်ပေါ်မှာအခြေခံပြီး ကျနော်တို့ထပ်မံဆန္ဒပြခြင်းဖြစ်တယ်”ဟု နိုင်ရဲဇော်က ဆိုသည်။

MCL ဘိလပ်မြေစက်ရုံသည် ယခုနှစ်ဧပြီလမှစတင်၍ ကျောက်မီးသွေးစွမ်းအင်ဖြင့် အသုံးပြုလည်ပတ်နေခြင်း ဖြစ်သည်။

“ကျနော်တို့အကြိမ်ကြိမ် ဆန္ဒပြခဲ့တယ်၊ တင်ပြတောင်းဆိုမှုလည်း အကြိမ်ကြိမ်ရှိခဲ့တယ်၊ အခုဆိုရင် တစ်နှစ်ကျော်ခဲ့ပြီ၊ ဒါပေမယ့် ဘာမှမထူးခြားခဲ့ဘူး၊ အခုဒေသခံတွေ စိုးရိမ်လာတယ်၊ ဥပမာ ရေတွင်း ရေကန်က ရေတွေကို မသောက်သုံးရဲကြတော့ သောက်ရေသန့်ကို ဝယ်သောက်နေကြတယ်၊ ဒါကြောင့် ထပ်မံဆန္ဒပြရတာဖြစ်တယ်”ဟု ပျားတောင်ဒေသရှိ ကွမ်းငန်းရွာခံ နိုင်မစ်က ဆိုသည်။

ဘိလပ်မြေစက်ရုံတည်ဆောက်ခြင်းအပေါ် ပျားတောင်ဒေသခံများ ဆန့်ကျင်ဆန္ဒပြမှု မပြုလုပ်သော်လည်း စက်ရုံလည်ပတ်ရန်ကျောက်မီးသွေးအသုံးပြုမှုကို ကန့်ကွက်ဆန္ဒပြမှုတစ်ကြိမ်၊ ကျောက်မီးသွေးကင်းစင်ရေးဆုတောင်းပွဲ တစ်ကြိမ်၊ ကန့်ကွက်လက်မှတ်ရေးထိုးသူစာရင်းနှင့် ကန့်ကွက်စာများကို နိုင်ငံတော်သမ္မတအပါအဝင် မွန်ပြည်နယ်အစိုးရနှင့် မွန်ပြည်နယ်လွှတ်တော်ထံသို့ နှစ်ကြိမ်တင်ပြခဲ့ပြီးဖြစ်သော်လည်း တုန့်ပြန်ဆောင်ရွက်ပေးမှုမရှိဟု သိရသည်။

Most read this week

January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...