ဆံတော်ရှင်ဘုရားတက်လမ်း ပြုပြင်ပြီးသော်လည်း စစ်တပ်မပြန်သေးဟု ဒေသခံများပြော

ဆံတော်ရှင်ဘုရားတက်လမ်း ပြုပြင်ပြီးသော်လည်း စစ်တပ်မပြန်သေးဟု ဒေသခံများပြော

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ သမိုင်းဝင်ဆံတော်ရှင်ဘုရားတက်လမ်းမှ ပျက်စီးနေသည့်လမ်းများကို ပြုပြင်ရန်ရောက်ရှိနေသော စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များမှာ လမ်းပြုပြင်ပြီးသော်လည်း ဒီဇင်ဘာ ၁၃ ရက်အထိ မပြန်ကြသေးကြောင်း ဒေသခံများနှင့် ဘုရားဖူးဧည့်သည်များက ပြောဆိုသည်။

ဆံတော်ရှင်ဘုရားတက်လမ်းမှ ပျက်စီးနေသည့်လမ်းများကိုပြုပြင်ပြီးလျှင် စစ်တပ်က ပြန်လည်ထွက်ခွာသွားမည်ဟုပြောဆိုသော်လည်း ယနေ့အထိမပြန်ကြသေးကြောင်း လုံခြုံရေးအရအမည်မဖော်လိုသည့် စိုးမဲကျီကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။

“လမ်းလုပ်ပြီးရင် ပြန်မယ်လို့ပြောတယ်။ ဒါပေမဲ့ လမ်းကပြီးသွားပေမယ့် အခုထိမပြန်သေးဘူး။ လမ်းလုပ်ပြီးတာက နှစ်ရက်လောက်ရှိပြီ။ သူတို့(စစ်တပ်)က ပြန်မယ့်အခြေအနေမရှိဘူးလို့ထင်ရတယ်”ဟု DMG သို့ပြောသည်။

အင်အား(၁၀၀)ခန့်ရှိသည့် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များသည် ဆံတော်ရှင်ဘုရားသွားလမ်းတစ်လျှောက်တွင် ပျက်ဆီးနေသည့် လမ်းများကိုပြုပြင်ရန် ဒီဇင်ဘာလ ၃ ရက်နေ့မှစ၍ ရောက်ရှိနေခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့ဝင် ၁၀ ဦးခန့်မှာ ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းက စက်လှေဖြင့်ပြန်လည်ထွက်ခွာသွားသည်ကိုမြင်မိသော်လည်း ကျန်သည့် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များမှာ ဆက်၍ရှိနေဆဲဖြစ်ကြောင်း စိုးမဲကျီကျေးရွာမှ ဒေသခံကပြောသည်။

“ဒီနေ့ဖြစ်ဖြစ် အမြန်ဆုံးပြန်စေချင်တယ်။ နောက်တစ်ရက်နှစ်ရက်မှပြန်မယ်ဆိုရင် ဘုရားပွဲက လုံးဝစည်ကားတော့မှာမဟုတ်ဘူး။ အမှန်အတိုင်းပြောရမယ်ဆိုရင် သူတို့(စစ်တပ်)ကို ကြောက်လန့်ပြီးတော့သွားနေရတယ်။ ကျနော်တို့မိတ်ဆွေတွေပါ စစ်တပ်ရှိနေလို့ ဘုရားပွဲကိုမလာတော့ဘူးလို့ပြောကြတယ်”ဟု ဆံတော်ရှင်ဘုရားတွင် စျေးရောင်းချမည့် ဦးအောင်နိုင်ဌေးကပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ဆံတော်ရှင်ဘုရားသွားလမ်းတစ်လျှောက်တွင် စစ်တပ်နှင့်ရဲတို့ပူးပေါင်းပြီး မေးမြန်းမှုများရှိနေသည့်အတွက် ဘုရားဖူးသွားမည့်ဧည့်သည်များနှင့် ဒေသခံများမှာ စိုးရိမ်မှုများ မြင့်တက်လျက်ရှိနေသည်။

စစ်တွေမြို့မှ ဆံတော်ရှင်ဘုရားဖူးရန်ရောက်ရှိနေသည့် ကိုဖိုးထူးက “အစက သူတို့(စစ်တပ်)ကရှိတယ်ဆိုတော့ စိုးရိမ်စိတ်တွေရှိခဲ့တယ်။ ဒါပေမယ့် ဘုရားတက်လမ်းမှာတော့ စစ်သားတွေနဲ့ ရဲသားတွေ တွေ့ရတယ်။ မေးမြန်းတာတွေတော့မရှိဘူး။ အားလုံးအဆင်ပြေပါတယ်”ဟု ပြောသည်။

ဆံတော်ရှင်ဘုရားဂေါပကအဖွဲ့ဝင်တစ်ဦးကလည်း စစ်တပ်က မည်သည့်အချိန်မှ ပြန်လည်ထွက်ခွာမည်ကိုမသိရကြောင်းပြောသည်။

ဆံတော်ရှင်ဘုရားပွဲကို ဒီဇင်ဘာလ ၁၃ ရက်တွင် စတင်ဖွင့်လှစ်မည်ဟု သတ်မှတ်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဘုရားပွဲဖွင့်မည့်နေ့ကို တစ်ရက်နောက်ဆုတ်ကာ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင်ဖွင့်လှစ်သွားမည်ဟု ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

စစ်တပ်က ပြန်လည်ထွက်ခွာမည့်အချိန်ကိုသိရှိနိုင်ရန် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းတို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

သမိုင်းဝင်ဆံတော်ရှင်ဘုရားပွဲကို နိုင်ငံရေးအခြေအနေများနှင့် ကိုဗစ်ရောဂါတို့ကြောင့် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် မကျင်းပနိုင်ခဲ့ပေ။ သို့သော် ၂၀၂၀ ခုနှစ်တွင် ဘုရားပွဲကို အကျဉ်းချုပ်ကျင်းပခဲ့သည်။

ဆံတော်ရှင်ဘုရားပွဲကို ယခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့မှ ၂၀ ရက်နေ့အထိ (၈)ရက်တိုင်တိုင် ကျင်းပသွားရန်စီစဉ်ထားခြင်း ဖြစ်သည်။

ဆံတော်ရှင်ဘုရားပွဲတော်ကို ရခိုင်ပြည်နယ်ရှိ မြို့နယ်အသီးသီးမှ ဘုရားဖူးဧည့်သည်များမှာလာရောက်ကြပြီး ပြည်နယ်အတွင်း အစည်ကားဆုံးဘုရားပွဲလည်းဖြစ်သည်။

August 10, 2026
စစ်အုပ်စုတပ်က ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်တွင် ရန်ကုန်မှ ကုန်တင်သင်္ဘော...
ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...