ဘူးသီးတောင်မြို့နယ်ရှိ စစ်ဘေးရှောင်နေအိမ်များ ယိုယွင်းပျက်စီးလာနေ

ဘူးသီးတောင်မြို့နယ်ရှိ စစ်ဘေးရှောင်နေအိမ်များ ယိုယွင်းပျက်စီးလာနေ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် နေအိမ်များပျက်စီးယိုယွင်းလာနေသဖြင့် ပြန်လည်ပြုပြင်ရန်လိုအပ်နေကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံများထံမှ သိရသည်။

စစ်ဘေးရှောင်ဦးရေ ၆၅၀ ကျော် ခိုလှုံနေသည့် ဘူးသီးတောင်မြို့နယ် ရန်အောင်မြေစစ်ဘေးရှောင်စခန်းတွင် နေအိမ်များပျက်စီးလာသဖြင့် နေထိုင်ရေးအခက်အခဲရှိနေကြောင်း စခန်းတာဝန်ခံ ဦးမောင်စိုးသန်းက ပြောသည်။

“အိမ်တွေက ဆောက်ထားတာ သုံးနှစ်လောက်ရှိပြီဆိုတော့ အမိုးနဲ့ နံရံတွေက အခုချိန်မှာပျက်စီးလာပြီ။ အလှူရှင်တွေကလည်း သိပ်မရောက်ကြတော့ဘူး။ နေရေးထိုင်ရေးအခက်အခဲတွေ ရှိနေပါတယ်”ဟု ၎င်းကဆိုသည်။

ဘူးသီးတောင်မြို့နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် နွားရုံတောင်၊ စံဂိုးတောင်၊ ဥယျာဉ်သာ၊ သရက်ပြင် စသည့်ကျေးရွာပေါင်း ၁၁ ရွာမှ ကျေးရွာသားများမှာ ရန်အောင်မြေစစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေထိုင်လျက်ရှိသည်။

ရန်အောင်မြေစစ်ဘေးရှောင်စခန်းတွင်ခိုလှုံနေသည့် စစ်ဘေးရှောင် ကိုအောင်ဌေးက ''အခုဆိုရင်အိမ်တွေက လေမုန်တိုင်းတွေတိုက်ထားလို့ ယိုင်နေသလိုဖြစ်နေပြီ။ လူတွေကလည်း အလုပ်အကိုင်တွေရှားပါးလာတယ်။ အလှူရှင်တွေကလည်းမရောက်ဘူး။ ဝါးတွေ၊ အုန်းတွေကလည်း စျေးတက်နေတော့ အိမ်ဆောက်ဖို့အတွက် အခက်အခဲရှိနေပါတယ်''ဟု ပြောသည်။

ဘူးသီးတောင်မြို့နယ်အတွင်းရှိ မြတောင်ကျောင်းစစ်ဘေးရှောင်စခန်း၊ လမ်းမကျောင်းစစ်ဘေးရှောင်စခန်း၊ ဂန္ဒာရုံကျောင်းစစ်ဘေးရှောင်စခန်းတို့တွင်လည်း နေအိမ်များပျက်စီးနေပြီဖြစ်ကြောင်း စခန်းတာဝန်ခံများထံမှ သိရသည်။

မြတောင်စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးမောင်ဖြူက “အိမ်တွေအကုန်လုံးနီးပါးပျက်စီးနေပြီ။ ပြန်ပြင်ဆောက်ဖို့ အရေးပေါ်လိုအပ်နေပါတယ်။ အိမ်ဆောက်ဖို့အတွက် အလှူရှင်တွေလိုအပ်နေပါတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည့် စစ်ဘေးရှောင်ဦးရေ ၂ သိန်းခန့်အထိ ရှိခဲ့သည်။

လက်ရှိတိုက်ပွဲများရပ်တန့်နေသည်မှာ တစ်နှစ်ကျော်ကြာမြင့်လာသဖြင့် စစ်ဘေးရှောင်အချို့ နေရပ်ပြန်မှုများရှိသည်။ နေရပ်မပြန်နိုင်သေးသည့်စစ်ဘေးရှောင်များမှာ ကျေးရွာအနီးတွင် စစ်တပ်ကတပ်စွဲထားခြင်းများ၊ မြေမြုပ်မိုင်းအန္တာရာယ်နှင့် အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် နေရပ်ပြန်ရန်စိုးရိမ်မှုရှိနေကြသည်။

August 10, 2026
စစ်အုပ်စုတပ်က ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်တွင် ရန်ကုန်မှ ကုန်တင်သင်္ဘော...
ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...