နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု ( ၆ ဒီဇင်ဘာ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု ( ၆ ဒီဇင်ဘာ ၂၀၂၁)

အမျိုးသားညီညွှတ်ရေးအစိုးရ

· အကြမ်းဖက်စစ်အုပ်စုသည် ထိုသို့သော သတ္တိကြောင်ပြီး ယုတ်မာရိုင်းစိုင်းသည့် ပြစ်မှုမျိုးကို ကျူးလွန်ခဲ့ သည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်မဟုတ်ဘဲ အလားတူဖြစ်စဉ်များစွာရှိကြောင်း NUG မှ ထုတ်ပြန်သည်။

· ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက် ဆောင်ရွက်နေခြင်းသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း ပါ ပြဌာန်းချက်များကို လိုက်နာမှုမရှိဘဲ ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်ပြီးယခုကဲ့သို့သော လူမဆန်သော ရာဇဝတ်မှုများကို နေ့စဉ်ရက်ဆက် ကျူးလွန် နေကြသည့် အကြမ်းဖက်စစ်ကောင်စီနှင့်လက်ပါးစေများအား ပြင်းပြင်းထန်ထန် ရှုံ့ချပါကြောင်း CRPH မှထုတ်ပြန်သည်။

· အကြမ်းဖက်စစ်ကောင်စီကို သံတမန်ရေးနည်းလမ်းအပါအဝင် လိုအပ်သည့် အရေးယူဆောင်ရွက်မှု များပြုလုပ်နိုင်ရေး ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းနှင့် ဆက်သွယ်ဆောင်ရွက်လျက် ရှိပါကြောင်း CRPH မှထုတ်ပြန်သည်။

· ရန်ကုန်မြို့ ကြည့်မြင်တိုင်မှာ ငြိမ်းချမ်းစွာဆန္ဒပြနေသည့် လူငယ်များကို စစ်ကောင်စီ လက်အောက်ခံ လက်နက်ကိုင်အဖွဲ့များက ကားဖြင့်ဝင်တိုက်ဖမ်းဆီးသွားသည့်ဖြစ်စဉ်ကို လူမဆန်စွာ လုပ်ဆောင်နေသော

အကြမ်းဖက်လုပ်ရပ်တခု ဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း က ပြင်းပြင်းထန်ထန် ရှုံ့ချလိုက်သည်။

· ရန်ကုန်မြို့တွင် လက်နက်မဲ့ငြိမ်းချမ်းစွာ ဆန္ဒပြပြည်သူများကို လူမျိုးတုံးသတ်ဖြတ် နေသော စစ်သွေးကြွ စစ်သားများက ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်သတ်ဖြတ်ခဲ့ခြင်းကို NUG အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက ပြစ်တင်ရှုတ်ချလိုက်သည်။

တော်လှန်ရေးလှုပ်ရှားမှုများ

· စစ်ကိုင်းတိုင်းတွင် ရဲကင်းစခန်းများနှင့်ရဲစခန်းအများစုကို စစ်ကောင်စီတပ်များ မနေရဲတော့ဘဲ စွန့်ခွာနေကြပြီး လူမရှိသည့် ရဲစခန်းများကို ဒေသခံများ ဝင်ရောက်ဖျက်ဆီးကြကြောင်း သိရသည်။

· မန္တလေးတွင် ဒီဇင်ဘာလ ၁၀ ရက်တွင် ကျရောက်မည့် "ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး" နေ့တွင် ပြုလုပ်မည့် "Silent Strike Campaign " တွင် ပါဝင်ပေးကြရန် မန္တလေးမြို့ 62 မိန်းလမ်းမကြီးပေါ်တွင် လူထုလှုံ့ဆော် အသိပေးစာရွက်များကို လူငယ်များက ယနေ့ ဒီဇင်ဘာ ၆ ရက်နေ့တွင် ဖြန့်ကျဲခဲ့ကြသည်။

· မန္တလေး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်းသို့ နယ်မြေရှင်းလင်းရန်လာရောက်သော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ကို ဒီဇင်ဘာလ ၆ ရက် နံနက်ပိုင်းတွင် 27 Revolution Forces နှင့် Natogyi People

Defence Force တို့က ဆွဲမိုင်းဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂၃ ဦးသေဆုံးကာ ၁၇ ဦး ဒဏ်ရာရကြောင်း 27 Revolution Forces က သတင်းထုတ်ပြန်သည်။

· ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်ပြုလုပ်မည့် "Silent Strike Campaign" တွင် မိဘပြည်သူများပါဝင်ပေးကြရန် ယနေ့မနက်တွင် မြို့အနှံ့ စာတန်းများချိတ်ဆွဲခြင်း/Sticker များကပ်ခြင်း/စာရွက်များကြဲခြင်းကို တစ်ပြိုင်တည်း နေရာ(၃)ခုတွင် ယနေ့ နံနက်ပိုင်းပြုလုပ်ကြသည်။

· ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်ရှိ ရဲစခန်းနှင့် ပညာရေးမှူးရုံးတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့များကို ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီဇင်ဘာလ ၅ ရက် ယမန်နေ့ည ၈ နာရီ ၂၀ မိနစ်ခန့်တွင် အဝေးထိန်းမိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးပြီး ၇ ဦးသေဆုံးကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

· ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်ရှိ အမှတ် ၂၄ ရဲစခန်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်ကို ယမန်နေ့ည ၈ နာရီဝန်းကျင်အချိန်တွင် ပြည်သူ့တော် လှန်ရေးအင်အားစုများက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သားအချို့ သေဆုံးကာ အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန် PDF မှ ထုတ်ပြန်သည်။

· ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်တွင် စစ်ကောင်စီတပ်များက ကျူးကျော်ဟုဆိုကာ ပြည်သူများ၏ အိမ်များကို ဖျက်ဆီးလျက်ရှိရာမှ ယခုနောက်ဆုံး ဘိုးဘွားအစဉ်အဆက်နေထိုင်သည့် ပိုင်ရှင်ရှိ မြေယာများကိုပါ လက်နက်ပြ ခြိမ်း ခြောက် ဖျက်ဆီးနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

· ရန်ကုန်တိုင်းကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းတွင် ဆန္ဒပြသူများကို စစ်ကားဖြင့် တိုက်သတ် ဖမ်းဆီးရာတွင် ဦးဆောင်သူများမှာ ဗိုလ်မှူး နိုင်ဘိုဘို၊ ရဲမှူးမောင်မောင်မြ၊ ဒုရဲအုပ်ဝင်းဇော်လွင်တို့ ဦးဆောင်ဟု ရဲ CDM အဖွဲ့က သတင်းထုတ်ပြန်သည်။

· ရန်ကုန်တွင် စစ်ကားဖြင့် ဆန္ဒပြ လူငယ်များကို တိုက်သတ်မှု ဖြစ်ပွားပြီးနောက် ယမန်နေ့ ည ၈ နာရီ သံပုံးတီးသံများ ပြန်လည် ထွက်ပေါ်လာသည့်အပြင် သံပုံးတီးပြီးနောက် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သံပြိုင် ဆဲဆိုခြင်း၊ စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများ သံပြိုင် ကြွေးကြော်ခြင်းများ ပြန် လည် ထွက်ပေါ်လာပြီ ဖြစ်သည်။

· ခရမ်းမြို့နယ်ရှိ မြို့မရဲစခန်းနှင့် ဌာနဆိုင်ရာ ရုံးအဆောက်အအုံတစ်ခုအတွင်း တပ်စွဲထား သော အကြမ်း ဖက်စစ်ကောင်စီတပ်များကို ယမန်နေ့ည ၈ နာရီခွဲအချိန်ခန့်တွင် ၄၀ မမ ဗုံးသီးဖြင့် ခရမ်းမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း၊ စစ်သားထိခိုက် သေဆုံးမှုများ ရှိသော်လည်း အသေးစိတ်ဆက်လက်စုံစမ်းဆဲ ဖြစ် ကြောင်း သိရှိရသည်။

· လှိုင်သာယာမြို့နယ်ရှိ အမှတ် ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် တပ်မတော်အထည်ချုပ် စက်ရုံအနီး အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲထားရာနေရာများကို ပေါက်ကွဲအား ပြင်းထန်သည့် ဗုံးများ အသုံးပြု၍ နွေဦးတော်လှန်ရေးမီးတောက် (Spring Revolution Flames- SRF) အဖွဲ့က ယမန်နေ့ည ၉ နာရီခွဲအချိန်ခန့်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်သားထိခိုက် သေဆုံးမှုအသေးစိတ်ကို စုံစမ်းဆဲဖြစ်ကြောင်း သိရှိရသည်။

· ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၁ ရပ်ကွက်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်များ၏ စီးပွားရေး ဒေါက်တိုင် တစ်ခုဖြစ်သည့် OMINI FOCUS ကုမ္ပဏီပိုင် YBS 99 ယာဉ်လိုင်းသို့ အကြမ်း ဖက် စစ်ကောင်စီတပ်များ လာရောက်စဉ် အာဏာ သိမ်း ဆန့်ကျင်ရေးနှင့် ပြည်သူ့ လွတ်မြောက်ရေးအဖွဲ့ (Anti-Coup People’s Liberation Force, ACPLF) အဖွဲ့က အဝေး ထိန်း ဗုံး ၂ လုံး အသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်သား ထိခိုက် သေဆုံးမှု အသေးစိတ်ကို စုံစမ်းဆဲဖြစ်ကြောင်း သိရှိရသည်။

· ရန်ကုန်မြို့၊ တာမွေစျေး၊ ရွှေပြည်သာ ထန်းခြောက်ပင်၊ ရွှေပြည်သာ ကားလေးဂိတ်မှတ်တိုင်တို့တွင် စစ်အာ ဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု ပိုစတာများ ချိတ်ဆွဲခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်းများကို စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု (AJMM) က ဦးဆောင်ပြုလုပ်ကြောင်း သိရှိရသည်။

· ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်တွင် လူထုဆန္ဒပြ သပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်မှ လူမဆန်စွာ ကားဖြင့် တိုက်ခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်းများသည် လူသတ်အကြမ်းဖက်၊ တိုက်ခိုက်မှုလုပ်ရပ်ကို ကျူးလွန်ခြင်း ဖြစ်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုနှင့်စစ်ရာဇဝတ်မှုများကို ထပ်မံကျူးလွန်နေသည်ဟု အခိုင်အမာ ရှု့မြင် ကြောင်း စစ်အာဏာရှင်စနစ်ဆန့်ကျင် တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ General Strike Committee-(GSC)မှ ယနေ့ဒီဇင်ဘာလ ၆ ရက်တွင် သဘောထားထုတ်ပြန်သည်။

· ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ဖားကန့်ပြည်သူများက စစ်ကောင်စီ၏ ရက်စက်စွာ ဖြိုခွင်းခံရသော ရန်ကုန် သပိတ် လူငယ်များ နှင့်အတူ ရပ်တည်ကြောင်း နှင့် KIA PDF NUG ထောက်ခံပွဲ ယနေ့ ပြုလုပ်ကြသည်။

· ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ပြည်နယ်တရားလွှတ်တော်ရုံးရှေ့တွင် ယနေ့ ဒီဇင်ဘာလ ၆ ရက် နံနက် ၁၁ နာရီခန့်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီး တရားလွှတ်တော်ရုံးဆိုင်းဘုတ်နှင့် အနီးတွင် ရပ်ထားသော ကား ၃ စီး ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

· ရှမ်းပြည်နယ်မှ ပြည်သူများက ရန်ကုန်အတွက် "Fighting Yangon ငါတို့အားလုံးတစ်သားတည်းပါ" ဆိုသည့် ဆိုင်းဘုတ်များနှင့် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ကျဆုံးရေးဆန္ဒထုတ်ဖော်မှုကို ဒီဇင်ဘာလ ၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

· အကြမ်းဖက် ဖက်ဆစ် စစ်တပ် အမြစ်ဖြတ်ရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိတော်လှန်ပြည်သူများသည် အဓိကလမ်းမကြီးတစ်ခုဖြစ်သည့် နတ်ချောင်းလမ်း (ဘုရင့်နောင်လမ်း) ပေါ်အထိချီတက်ကာ ဒီဇင်ဘာလ ၆ ရက်တွင် ၃၀၂ ရက်မြောက်သပိတ်စစ်ကြောင်းဖြင့် ကြွေးကြော်ဆန္ဒပြကြသည်။

· ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီး မြောက်ခြမ်းတွင် ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့၌ အကြမ်းဖက် ဖက်ဆစ်ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ် ၂၇၁ ရက်မြောက်နေ့ ချီတက်ရာတွင် ''ရန်ကုန်ကိုထိရင် ငါတို့ကို ငြိတာပဲ'' ဆိုသည့် စာသားကို ကိုင်ဆွဲပြီး ဆန္ဒပြခဲ့ကြသည်။

· စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် CDM ရဲတပ်ဖွဲ့ဝင်များဖြင့် Kalay Police Service ရဲအဖွဲ့ကို တည် ထောင်လိုက်ကြောင်း ကလေးပြည်သူ့ရဲလုပ်ငန်းဝန်ဆောင်မှုက ကြေညာချက်ထုတ်ပြန်သည်။

· 'အားတင်းထားပါ ရန်ကုန်ရေ မင်းတို့နောက်မှာ ရွှေဘိုရှိတယ်' ဟုကြွေးကြော်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို ထောက်ခံကြိုဆိုကြောင်းနှင့် အကြမ်းဖက် ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရေး စစ်ကိုင်းတိုင်း၊

ရွှေဘိုမြို့ရှိ တော်လှန်ကျောင်းသားပြည်သူများသည် ဒီဇင်ဘာလ ၆ ရက် နံနက်တွင် လှည့်လည် ဆန္ဒပြကြသည်။

· မင်းတပ်မြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ထောင်ထားသော မြေမြှုပ်မိုင်းနင်းမိပြီး မိခင်ဖြစ်သူ ဒေါ်ဟုန်းအွယ် သေဆုံးကာ ၂ နှစ်အရွယ် သမီးဖြစ်သူ မနိုင်းလဲင်းသည် ညာဖက်ခြေထောက်ပြန်ကာ ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရကြောင်း သတင်းရရှိသည်။

· ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ် ကျီစုကျေးရွာက ဒလန်ဆိုသူ လင်မယားကို ပစ်သတ်ခဲ့ကြောင်း ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က ယမန်နေ့ ဒီဇင်ဘာလ ၅ ရက်တွင် သတင်းထုတ်ပြန်သည်။

တိုင်းရင်းသားလက်နက်ကိုင်များ

· ရန်ကုန်ကြည့်မြင်တိုင်သပိတ်ကို စစ်ကားဖြင့်တိုက်သတ်မှုသည် "စက်ဆုတ် ရွံ့ရှာဖွယ်ကောင်းသည့် လူသားစားလူရိုင်းလုပ်ရပ်" ဟု AA စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က နှိုင်းယှဉ်ရှုတ်ချလိုက်သည်။

· ကေအဲန်ယူ-သထုံခရိုင်၊ ဖားအံမြို့နယ် (EC)မှ (၁-၁၂-၂၀၂၁) ရက်နေ့ ရက်စွဲဖြင့် ပြည်သူလူထုများ လိုက်နာရမည့် အချက် (၄)ချက်ပါ ကြေငြာချက်တစ်စောင် ထုက်ပြန်ကြေညာသည်။

စစ်ကောင်စီ

· ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်း(တောင်/ အနောက်) ရပ်ကွက်၊ ပန်းပင်ကြီး လမ်း၌ တရားမဝင်ခွင့်ပြုချက်မဲ့ လူတစ်စုမှ ဆူပူအော်ဟစ်မှုများ ပြုလုပ်နေကြောင်း ဆူပူမှုကိုမလို လားသော ပြည်သူအချို့၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါနေရာသို့ သွား ရောက်၍ လူစုခွဲ ဆောင်ရွက်ခဲ့ရကြောင်း စစ်ကောင်စီ ဝါဒဖြန့် သတင်းစာတွင် ဖော်ပြထားသည်။

· ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ YBS ခရီးသည်တင်ယာဉ် ၁ စီးအား အကြမ်း ဖက်သူ အမျိုးသား ၄ ဦးက သေနတ်ဖြင့် ပစ်ခတ်၍ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်ဟု စစ်ကောင်စီ သတင်းစာတွင်ဖော်ပြထားသည်။

· နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို ထောင်ဒဏ် ၄ နှစ်စီ အကြမ်းဖက်စစ်ကောင်စီတရားရုံးက ချမှတ်လိုက်ကြောင်း သိရသည်။

· ကြည့်မြင့်တိုင်ဆန္ဒပြသပိတ်ကို သတင်းရယူနေသည့် သတင်းထောက်နှစ်ဦကို စစ်ကောင်စီမှ ဖမ်းဆီးထားပြီး အမျိုးသမီးသတင်းထောက်မှာ ပြင်းထန်စွာဒဏ်ရာရရှီကာ စစ်ဆေးရုံတွင် ကုသနေသော်လည်း မိသားစုဖြင့် ယခုတိုင် တွေ့ခွင့်မရသေးကြောင်း သိရသည်။

· စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ဘာသာပေါင်းစုံညီညွတ်ရေးအဖွဲ့ မှ ဥက္ကဋ္ဌနှင့်အမှုဆောင် အဖွဲ့ဝင်များကို သွားရောက်တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွင်ဖော်ပြထားသည်။

· မန္တလေး သပြေဝရှိ နေရောင်ခြည်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံဖွင့်ပွဲသို့ စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေး တက်ရောက်ကြောင်း စစ်ကောင်စီသတင်းတွင်ဖော်ပြထားသည်။

ဒီဇင်ဘာ ၆ သုံးသပ်ချက်

· စစ်ကောင်စီ၏ ကြည့်မြင်တိုင်အကြမ်းဖက် သတ်ဖြတ်မှုအပြီး တစ်နိုင်ငံအလုံးအတာဖြင့် တော်လှန်ရေး အရှိန်မြင့်လာသလို ဆန္ဒပြမှုများလည်း ပြန်လည်မြင့်တက်လာသည်။မျက်လုံးပေါင်းများစွာအောက်တွင် စစ်ကောင်စီ၏အကြမ်းဖက် သတ်ဖြတ်မှုသည် ကမ္ဘာကျော်ခဲ့ပြန်သည်။စစ်ကောင်စီကျူးလွန်ခဲ့သည့် ငြင်းမရသော စစ်ရာဇဝတ်မှုပင်ဖြစ်သည်။

· စစ်ကောင်စီ၏အကြမ်းဖက်မှုကို ရန်ကုန်PDF များမှ ညတွင်းချင်အကြွေးပြန်ယူသလို နိုင်ငံအနှံ့ တော်လှန်ရေးလုပ်သူများမှလည်း ပြင်းပြင်းထန်ထန် တုံ့ပြန်ကြသည်ကို တွေ့ရသည်။

· စစ်ကိုင်းတိုင်း ကလေးမြို့မှာတော့ ကယားပြည်နယ်လိုပင် CDM ရဲများဖြင့် ပြည်သူ့ရဲတပ်ဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သည်။ယင်းအခြေနေသည် စစ်ကိုင်းတွင်း စစ်တပ်အုပ်ချုပ်ရေးပျက်ပြားနေသည်ဟု ငြင်ူင မရနိုင်ပေ။နောက်တစ်ချက်မှာ ယင်းဒေသရှိ ရဲကင်းများ ရဲစခန်းများမှ ရဲများထွက်ပြေးမှုမှာ တစ်နေ့ထက်တနေ့များလာပြီး လူမရှိသည့် ရဲစခန်းအမြောက်အမြား စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွင် တွေ့မြင်လာရသည်။

Most read this week

May 14, 2024
အိန္ဒိယနိုင်ငံရောက် မြန်မာစစ်ဘေးရှောင်များအား ပံ့ပိုးကူညီပေးရန် လူ့အခွင့်အရေး လှုပ်ရှားသူ...
May 14, 2024
ကချင်လွတ်လပ်ရေးတပ်မတော်(KIA )စစ်ဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး Rခေါင်လွမ်း ကွယ်လွန်ခြင်းအတွက်...
May 3, 2024
စာနယ်ဇင်းလွတ်လပ်ခွင့်သည် ပြည်သူများ၏ သတင်းအချက်အလက် သိပိုင်ခွင့်နှင့် စဉ်းစားဆင်ခြင်...
May 2, 2024
အမျိုးသားများ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ခွင့်ကို စစ်ကောင်စီမှ...