မြောက်ဦးမှ လူငယ်စာရေးဆရာ၏အမှုကို လာမည့်ရုံးချိန်းတွင် နှစ်ဖက်ရှေ့နေများ လျှောက်လဲချက်ပေးမည်

မြောက်ဦးမှ လူငယ်စာရေးဆရာ၏အမှုကို လာမည့်ရုံးချိန်းတွင် နှစ်ဖက်ရှေ့နေများ လျှောက်လဲချက်ပေးမည်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် ဆက်စပ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသော မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာအမှုတွင် သက်သေအားလုံးစစ်ဆေးပြီးဖြစ်၍ လာမည့်ရုံးချိန်းတွင် နှစ်ဖက်ရှေ့နေလျှောက်လဲချက်ကြားနာသွားမည်ဖြစ်ကြောင်း ရှေ့နေထံမှသိရသည်။

အမှုကို ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့တွင် မြောက်ဦးခရိုင်တရားရုံး၌ရုံးထုတ်စစ်ဆေးကာ ကျန်ရှိနေသည့် တရားလိုပြသက်သေ ၃ ဦးကို စစ်ဆေးနိုင်ခဲ့ကြောင်း သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်းမှ အထက်တန်းရှေ့နေ ဦးကျော်စိုးလင်းကပြောသည်။

“ဒီနေ့မှာ ကျန်တဲ့တရားလိုပြသက်သေသုံးယောက်ကို စစ်ဆေးခဲ့တယ်။ လာမယ့်ရုံးချိန်းမှာ စွဲချက်လျှောက်လဲချက်ကြားနာဖို့ချိန်းထားတယ်”ဟု ရှေ့နေဦးကျော်စိုးလင်းက ပြောသည်။

လူငယ်စာရေးဆရာ မင်းဒီပါကို ပြီးခဲ့သည့်အောက်တိုဘာလ ၁၅ ရက် နေ့လည်ပိုင်းတွင်ဖမ်းဆီးခံရပြီး (PDF)ကို ငွေကြေးထောက်ပံ့သည်ဆိုသည့်စွပ်စွဲချက်နှင့် မြောက်ဦးမြို့ရဲစခန်းမှ ဒုရဲမှူးစိုးတင်က တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)ဖြင့် တရားစွဲဆိုထားသည်။

အဆိုပါအမှုတွင် တရားလိုအပါအဝင် လိုပြသက်သေစုစုပေါင်း ၇ ဦးရှိပြီး ပြီးခဲ့သည့်ရုံးချိန်းမှာ လိုပြသက်သေ ၄ ဦးကို စစ်ဆေးနိုင်ခဲ့ကြောင်း သိရသည်။

အမှုနှင့်ပတ်သက်၍ နှစ်ဖက်ရှေ့နေများ၏ လျှောက်လဲချက်ကိုကြားနာရန် လာမည့်ဒီဇင်ဘာလ ၁၀ ရက်နေ့ကို ရုံးချိန်းပေးလိုက်ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် ဆက်စပ်သည်ဆိုသည့်စွပ်စွဲချက်ဖြင့် ရခိုင်ပြည်အတွင်းမှ ဖမ်းဆီးခံထားရသူ ၆ ဦးရှိပြီး မြောက်ဦးမြို့နယ်မှ ၁ ဦးနှင့် သံတွဲမြို့နယ်မှ ၅ ဦးတို့ဖြစ်ကြသည်။

PDF နှင့်ဆက်စပ်ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၂(က)ဖြင့် တရားစွဲဆိုခံထားရသည့် ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့အမှုတွင် တရားလိုပြသက်သေ ၁၃ ဦးရှိပြီး ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်နေ့ရုံးချိန်းတွင် လိုပြသက်သေ ၃ ဦးကို စစ်ဆေးနိုင်ခဲ့ပြီး ကျန်သက်သေများအားဆက်လက်စစ်ဆေးရန် လာမည့်ဒီဇင်ဘာလ ၈ ရက်နေ့ကို ရုံးချိန်းထားကြောင်းသိရသည်။

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...