ဇွန်လ ၁၅ ရက်နေ့က တရုတ်အစိုးရမှ ထိုသို့ဘဏ်စာရင်းပိတ်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တရုတ်-မြန်မာ ၂ ခြမ်းစလုံးမှ ဘဏ်စာအုပ် အပိတ်ခံရ ဒေသခံလူထု ကုန်သည်လူတန်းစား ၅၀၀၀ ခန့်ရှိကြောင်းသိရသည် ။ ထိုအနက် မြန်မာနိုင်ငံ မူစယ်ဘက်ခြမ်းက စာရင်းသိရှိရသည့်ကုန်သည်ဦးရေ ၁၃၀ ကျော် ပါ၀င်ပြီး စာရင်းမသိရသေးသည့်ကုန်သည်လည်း အများအပြားရှိကြောင်း ဆိုပါသည်။
“သစ်သီးကုန်သည်တွေ ပဲပြောင်းနှမ်းကုန်သည်တွေပေါ့ ဘဏ်စာအုပ်အပိတ်ခံရတာ။ သူတို့ကို ဦးဆောင်ဆန္ဒပြတာက ပဲ၊ပြောင်း၊နှမ်းကုန်သည်ကြီးများဥက္ကဌ ဦးလှမောင်။ အခု ပိတ်သိမ်းမှုကြောင့် မြန်မာနိုင်ငံဘက်က လူထုရဲ့ ဘဏ်စာရင်းကနေ ငွေကြေးဆုံးရှုံးမှုက ကျပ်သန်းပေါင်း ၄ သိန်း လောက်ရှိမယ်လို့ သိရတယ်။ ဒါမျိုးပိတ်သိမ်းတာဟာ အခုဆိုရင် ဒုတိယအကြိမ် သိမ်းတာဖြစ်တယ်။ စာအုပ်အရေအတွက်နဲ့ငွေကြေးအရေအတွက်များပြားလို့ လူထုဆန္ဒပြကြတာ ဖြစ်တယ်။ ပထမအကြိမ်တုန်းက ဆုံးရှုံးမှုသိပ်မများတော့ လူသိပ်မသိဘူးပေါ့။ သူတို့လည်း ၂ နိုင်ငံ ရင်းနှီးမှု ပျက်မှာစိုးလို့ သည်းခံနေလာခဲ့တာ” - ဟု မူစယ်မြို့နေ စိုင်းလိတ်က ပြောသည်။
တရုတ်-မြန်မာနယ်စပ် နန်းတော်ပေါက်တွင် ယနေ့မနက် ၁၀ နာရီကျော်က ဆန္ဒပြခဲ့ကြရာ “ငါတို့ရဲ့ချွေးနည်းစာပြန်ပေး ၊ မတရားထိန်းသိမ်းထားသော အကောင်းများ ချက်ချင်းပြန်ဖွင့်ပေး ၊ ငါတို့ကိုအသက်ရှင်ခွင့်ပေး၊ ငါတို့ကို တရားဝင်တန်းတူ ကုန်သွယ်မှုကို ဆောင်ရွက်ပေး ” အစရှိ ဗီနိုင်းပိုစတာများကိုင်ဆောင်သည့် လူထုအင်အား ၂၀၀ ကျော် ပါ၀င်သည်။
ထိုသို့ တရုတ်မှ နယ်စပ်ကုန်သည်များ၏ ဘဏ်စာရင်းများ ပိတ်ရခြင်းမှာ မူးယစ်ဆေးဝါးနှင့် Online လောင်းကစားမှု စုံစမ်းစစ်ဆေးရေးအတွက် ဖြစ်ကြောင်း ဇွန်လ ၂၂ ရက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Mr. Yang Shouzheng က မြန်မာနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းနှင့် နေပြည်တော်၌တွေ့ဆုံစဉ် ရှင်းလင်းပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး က သတင်းထုတ်ပြန်ပါသည်။
တရုတ် - မြန်မာ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးအားရှေးရှုပြီး ဒေသခံလူထု ဆန္ဒပြမှုမပြုကြရန် ယမန်နေ့က တရုတ်ဘက်မှဖုန်းဆက်ပြောဆိုလာမှုများ ရှိခဲ့ကြောင်း သိရသည်။
ဆန္ဒထုတ်ဖော်မှုအပြီး - ပိတ်သိမ်းထားသော ဘဏ်စာရင်းများအား ပြန်လည်စစ်ဆေးပြီးမှသာ ပြန်ဖွင့်ပေးမည်ဖြစ်ကြောင်း - တရုတ်နိုင်ငံအာဏာပိုင်များက ပြန်လည်အကြောင်းကြားလာခဲ့သည်ဟု ဆိုပါသည်။
တရုတ်-မြန်မာနယ်စပ်တွင် မြန်မာဘက်ခြမ်းမှဒေသခံများ တရုတ်အစိုးရအား ထိုသို့သောဆန္ဒပြမှုမှာ ၁၉၈၈ ခုနှစ်နောက်ပိုင်း ပထမအကြိမ် ဆန္ဒပြခြင်းဖြစ်သည်။ ယခုဆန္ဒပြမှုမှာ မြန်မာဘက်ခြမ်းက လူထုအတွက် ချည်းသက်သက်မဟုတ်ဘဲ နှစ်နိုင်ငံနယ်စပ်နေ လူထုအတွက်ဖြစ်နေသဖြင့် မူစယ်မြို့ခံများအတွက် ထူးခြားသော ဖြစ်စဉ်တခုဖြစ်နေကြာင်း ဒေသခံများက ပြောဆိုနေကြသည်။







