သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင် ရွေးကောက်ပွဲအတွက် မဲရုံဖွင့်လှစ်နိုင်ရန် စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ သွားရောက်ကြည့်ရှုခဲ့ကြောင်း စုံစမ်းသိရသည်။
ယမန်နေ့ (ဒီဇင်ဘာလ ၁၄ ရက်) နံနက်ပိုင်းတွင် လားရှိုးမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုး-မိုင်းရယ် လမ်းမကြီးတလျှောက်ရှိ ကျေးရွာများတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး မဲရုံ ဖွင့်လှစ်ရန် စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းများ နှစ်ဘက်တပ်ဖွဲ့ လုံခြုံရေးရယူပြီး သွားရောက်ကြည့်ရှုခဲ့ကြောင်း ဒေသခံများက ပြောသည်။
“လားရှိုး ရွေး/ကော်က လူတွေကို စစ်တပ်နဲ့ ကိုးကန့်တပ်က လုံခြုံရေး ယူပေးပြီး မဲရုံထောင်ဖို့ စာသင်ကျောင်းတွေ လာကြည့်သွားတယ်။ မနေ့က နမ့်ပေါင်နဲ့ နမ္မဗောဒဘက်ကို ထပ်လာသွားတာ၊ ကိုးကန့်ဘက်လည်း ဘာမှ မပြောတဲ့အပြင် လုံခြုံရေးလည်း ယူပေးနေတာ တွေ့တယ်။ မဲရုံကတော့ လမ်းမကြီးဘေးက စာသင်ကျောင်းတွေပဲ ဖွင့်နိုင်လောက်တယ်” ဟု လားရှိုးမြို့နယ်မှ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် နမ့်ပေါင်ကျေးရွာ မီးသတ်ရုံးသို့ ပြီးခဲ့သည့် ဒီဇင်ဘာလ (၄) ရက်တွင် လားရှိုးမြို့ပေါ်မှ စစ်ကော်မရှင် တပ်သားများနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများ လာရောက်ပြီး မဲဆန္ဒရှင်စာရင်းများ ကောက်ခံခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
လားရှိုးမြို့နယ်သည် လာမည့် ဒီဇင်ဘာလ (၂၈) ရက်တွင် စတင်ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်းတွင် ပါဝင်နေသော်လည်း စစ်ကော်မရှင်ဘက်မှ မြို့ပေါ်ရပ်ကွက် (၁၂) ခုသာ ထိန်းချုပ်ခွင့် ရရှိထားပြီး မြို့ပြင်ရှိ ကျေးရွာအုပ်စု အများစုကို ကိုးကန့်တပ်ဖွဲ့ MNDAA က ထိန်းချုပ်ထားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ (၅) ရက်တွင် စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲ ကျင်းပခြင်းမပြုမည့် နယ်မြေစာရင်းတွင် လားရှိုးမြို့နယ်မှ ကျေးရွာအုပ်စုပေါင်း (၆၄) အုပ်စုအထိ ပါရှိသည်။
သို့သော် လားရှိုး-သီပေါ-မိုင်းရယ် လမ်းမကြီးတစ်လျှောက် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် မယ်ဟန်၊ ခေးနင်း၊ နောင်မွန်၊ ပြိန်းထွန်၊ စင့်အင်၊ နမ့်ပေါင်၊ မန်ပျဉ်၊ နမ္မဗောဒ စသည့် ကျေးရွာအုပ်စုများ မပါဝင်ဘဲ အဆိုပါ ကျေးရွာအုပ်စုများတွင် မဲပေးစက် အသိပညာပေး ပြုလုပ်ခြင်း၊ မဲဆွယ်စည်းရုံးခြင်းများလည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။
အလားတူ ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် ပါဝင်သည့် မိုင်းရယ်မြို့နယ်တွင်လည်း ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ကျေးရွာအုပ်စု (၈) အုပ်စု ကြေညာထားပြီး MNDAA ထိန်းချုပ်ထားသည့် ဟိုယကျေးရွာအုပ်စုရှိ ဝမ်လုံကျေးရွာတွင် စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဝန်ထမ်းများမှ ဒီဇင်ဘာလ (၁၂) ရက်နေ့က မဲပေးစက် အသိပညာပေး ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
“မိုင်းရယ် UEC က ဝမ်လုံ ခန်းမမှာ မဲပေးနည်း လာသင်ပေးတယ်။ လမ်းမကြီး ဘေးက ဝမ်လုံနဲ့ ပန်ညောင်ပဲ ခေါ်သေးတယ်၊ အထဲကျတဲ့ ရွာတွေတော့ မခေါ်သေးဘူး။ ရွာသားတွေ ကြံခုတ်နေကြလို့ သွားနားထောင်တဲ့လူလည်း နည်းနည်းပဲ ရှိတယ်။ အဲ့တာ သွားနားထောင်ဖို့ အုပ်စုဥက္ကဋ္ဌတွေကနေ တစ်ရွာချင်းစီ ဆင့်ခေါ်တာ” ဟု မိုင်းရယ်မြို့နယ်မှ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲတွင် လားရှိုးမြို့နယ် မဲဆန္ဒနယ်အတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (NUP)၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP ကျားဖြူပါတီ)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ (KDUP) တို့မှ ကိုယ်စားလှယ်လောင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဟု UEC မှ ထုတ်ပြန်ထားသည်။







