မွန်ပြည်နယ်ရောက်ရွေ့ပြောင်းများအား အိမ်ထောင်စုစာရင်း ၄၀၀၀ နီးပါး တရားဝင်ထုတ်ပေးခဲ့

မွန်ပြည်နယ်ရောက်ရွေ့ပြောင်းများအား အိမ်ထောင်စုစာရင်း ၄၀၀၀ နီးပါး တရားဝင်ထုတ်ပေးခဲ့
by -
မွန်သတင်းအေဂျင်စီ/သြမွန်
အိမ်ထောင်စုစာရင်း(Internet)
အိမ်ထောင်စုစာရင်း(Internet)
အစိုးရသစ်လက်ထက်တွင် မွန်ပြည်နယ်အတွင်းရှိ ရွှေ့ပြောင်းလုပ်သားအိမ်ထောင်စုစာရင်း ၃၄၀၀ ကျော် တရားဝင်ထုတ်ပေးခဲ့ရာတွင် လူဦးရေတစ်သောင်းကျော်ရှိကြောင်း မွန်ပြည်နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန(လဝက)မှ သိရသည်။

လဝက ပြည်နယ်ဦးစီးမှူး ဦးရှိန်ဝင်းက “ ရွှေ့ပြောင်းလုပ်သား အိမ်ထောင်စုတွေက ၄ ထောင်နီးပါးလောက်ပဲ ရှိပါတယ်၊ မွန်မှာ ဒီလောက်ထိစီးပွားရေး တိုးတက်နေတာမဟုတ်ဘူးလေ၊ ရွှေ့ပြောင်းလုပ်သားတွေ ဝင်လာတာနည်းတယ်” ဟုပြောသည်။

တရားဝင်အိမ်ထောင်စုစာရင်းထုတ်ပေးရာတွင် ၄င်းတို့နေထိုင်လျက်ရှိသည့် သန်းခေါင်စာရင်း၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်ဖြင့် လက်ရှိ မွန်ပြည်နယ်တွင် ၆ လမှ သုံးနှစ်အထိ လာရောက်နေထိုင်ခဲ့သည့် ရွှေ့ပြောင်းလုပ်သားများကို တရားဝင်အိမ်ထောင်စုစာရင်း ထုတ်ပေးထားသည် ဟုဆိုသည်။

ရေးမြို့နယ်အနောက်ပိုင်းရှိ အစင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနိုင်းနိုင်း က “ ကျနော်တို့ အစင်ကျေးရွာဘက်မှာ ရွှေ့ပြောင်းလုပ်သားဦးရေ ၅၀၀ နီးပါးရှိမယ်၊ အများစုက ရေလုပ်ငန်းကို လုပ်ကိုင်ကြတယ်” ဟု ပြောသည်။

၂၀၁၆ မေလ ၁ ရက်နေ့မှ အောက်တိုဘာလဆန်းပိုင်းအထိ ကောက်ခံရရှိခဲ့သည့် ရွှေ့ပြောင်းအိမ်ထောင်စုစာရင်း (၁၁၉၉၃) တွင်သာမာန်ရွှေ့ပြောင်း ( ၈၆၉၁) စု နှင့် ယာယီရွှေ့ပြောင်း (၃၃၀၂) စု ရှိကြောင်း ယင်းဦးစီးဌာနမှ သိရသည်။

NLD အစိုးရသစ်တက်လာသည်နှင့် မွန်ပြည်နယ်အစိုးရ၏ ရက် ၁၀၀ စီမံကိန်းတွင် သစ္စာစီမံချက်ဖြင့် ရွှေ့ပြောင်းလုပ်သားများအတွက် အိမ်ထောင်စုစာရင်း ထုတ်ပေး သည့် စီမံချက်ပါဝင်၌ (၆) လနှင့် (၈) လအထက် နေထိုင်သူများကို ယာယီအိမ်ထောင်စုစာရင်းနှင့် (၅) နှစ်အထက် နေထိုင်သူများကို နေရပ်ရင်းမှအထောက်အထားမလိုအပ်ဘဲ အိမ်ထောင်စုစာရင်း ပြုလုပ်ခဲ့သည်ကို တွေ့ရှိသည်။

အဆိုပါအိမ်ထောင်စုစာရင်းပြုလုပ်ပေးသည့်ကိစ္စနှင့်ပတ်သက်၍ မွန်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသောပြည်သူတို့၏ဘဝကို အကြီးအကျယ်ခြိမ်းခြောက်လာသောကြောင့် အဆိုပါသစ္စာစီမံချက်အား ပြန်လည်သုံးသပ်ပေးရန် မွန်အသင်းအဖွဲ့များက မွန်ပြည်နယ် ဝန်ကြီးချုပ်ထံ ၂၀၁၆ ခုနှစ် ဇွန်လအတွင်း တောင်းဆိုစာရေးသားပေးပို့ခဲ့ကြောင်း သိရသည်။

၂၀၁၄ သန်းခေါင်စာရင်းဖော်ပြချက်အရ မွန်ပြည်နယ်လူဦးရေစုစုပေါင်း ၂၀ သိန်းကျော်(၂,၀၅၄,၃၉၃) ဦးရှိသည့်အနက် တရားဝင်/တရားမဝင် ပြည်ပရောက်ရှိနေသူ ၄ သိန်း ၂ သောင်းကျော်(၄၂၆,၅၈၆) ရှိကြောင်း၊ မွန်ပြည်နယ်အတွင်း သန်းခေါင်စာရင်းပေးသွင်းထားသူ ရွှေ့ပြောင်းအလုပ်သမားဦးရေ ၃ သိန်း ၄ သောင်းကျော်(၃၄၂,၁၈၉ ဦး) ရှိကြောင်း သိရသည်။

Most read this week

January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...