မော်တော်ယာဥ်လုယက်ပြီး ယာဥ်မောင်းကိုသတ်ဖြတ်

မော်တော်ယာဥ်လုယက်ပြီး ယာဥ်မောင်းကိုသတ်ဖြတ်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်ပန်းရွာသွားလမ်းမှာ နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲ ဝန်းကျင်က ခရီးသည်တင်မော်တော်ကားကို လုယက်ပြီး ယာဉ်မောင်း ၁ ဦးကိုလည်း သတ်ဖြတ်ခဲ့ကြောင်း သေဆုံးသူနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

“စိတ်မကောင်းပါဘူး။ အိမ်က အမျိုးသားရဲ့ အသိပါ။ ကား အတူတူ ဆွဲတာ။ ကားလုသွားတာပါ” လို့ သေဆုံးသူနှင့်ရင်းနှီးသူအမျိုးသမီးတစ်ဦးက ပြောပါတယ်။

မြန်မာ-တရုတ် အဝင်အထွက်ဂိတ် နန်းတော်ပေါက်နားက မူဆယ်-နမ့်ခမ်း ကားဂိတ်မှာ လိုင်းဆွဲနေတဲ့ အသက် ၅၄ အရွယ် ခရီးသည်တင် ယာဉ်မောင်း ကိုမြအေး လုယက်သတ်ဖြတ်ခံရခြင်းဖြစ်၍ ဘယ်ဘက်လက်ဖျံမှာ ပြတ်ရှဒဏ်ရာ၊ ဝမ်းဗိုက် ဓားထိုးဒဏ်ရာတွေနဲ့ သေဆုံးနေပြီး ပြန်လှည့်မောင်းသွားတဲ့ ကားဘီးရာများ တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ယခင်သွားနေကျ ဖောက်သည် ကားငှားတာကြောင့် လိုက်ပို့ရာမှာ အသတ်ခံရပြီး လိုင်စင်ရှိ WISH ကား အဖြူရောင်ကို လုယက်ခံရကြောင်း အသိမိတ်ဆွေတစ်ဦးက ပြောပါတယ်။

မူဆယ်မြို့မှ ၄ မိုင်ခန့်အကွာ၊ အောက်တုံခန်ရွာ မရောက်ခင် မူဆယ်-လားရှိုးပြည်ထောင်လမ်းမကြီးပေါ်က‌နေ ဘယ်ဘက်ချိုးကာ ကားနဲ့  ၁၀ မိနစ်ခန့် အဝင် မြေညီလမ်းပေါ်မှာ သတ်ဖြတ် ခံရတယ် လို့ဆိုပါတယ်။

ကာယကံရှင်မသေဆုံးခင် ကားပိုင်ရှင်ထံကို ဖုန်းဆက် လာသေးတာကြောင့် ဖြစ်စဉ်ကို သိရကြောင်း “ပိုက်ဆံအိတ်နဲ့ ဖုန်းတော့ ထားခဲ့တယ်။ ပိုက်ဆံအိတ်က သူ့ခါးမှာပဲ ချိတ်ထားတယ်။ မယူသွားဘူး။ ကားပဲ ယူသွားတာ။ သူမသေခင် ကားအုံနာဆီကို ဖုန်းဆက်တယ်။ ကားက လိုင်စင်ကား။ ခရီးသည်တွေပဲ မျှားခေါ်ပြီး သတ်သွားတာလား တော့မသိဘူး။” လို့ နီးစပ်သူတစ်ဦးက ရှင်းပြပါတယ်။

အခင်းပွားရာကို မူဆယ်မြို့မှ တာဝန်ရှိသူ‌တွေ၊ ယာဉ်မောင်းရဲ့မိသားစုဝင်‌တွေ ၊နှလုံးလှ လူမှုကူညီရေးအသင်းဝင်‌တွေက သေဆုံးသူရဲ့အ‌လောင်းကို သွားသယ်ဆာင်ခဲ့ကာ မူဆယ် ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ခဲ့ကြောင်း “မနေ့က နမ့်ပန်ရွာအနီးအသတ်ခံရတဲ့ အမျိုးသားအလောင်းကို အချိန်နှင့်တပြေးညီ ကူညီ ဆောင်ရွက်ပေးခဲ့တယ်” လို့ ၎င်း အသင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ယာဉ်မောင်းကို လှည့်ဖြားခေါ်ဆောင်ကာ သတ်ဖြတ်လုယက်မှု ကျူးလွန်ခဲ့တဲ့ အမည်မသိသူများကို မူဆယ်မြို့မရဲစခန်းမှာ အမှုဖွင့် အရေးယူဆောင်ရွက် ထားကြောင်းသိရပါတယ်။

မူဆယ်မြို့နယ်အတွင်းက ဆိုင်ကယ်ရီများ၊  ယာဉ်မောင်းများ၊ ဆိုင်ကယ် ဈေးသည်များ မကြာခဏ လုယက် သတ်ဖြတ်ခံနေရတာလည်းဖြစ်ပါတယ်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...