အုပ်ချုပ်ရေးအဖွဲ့က ဘောလုံးပွဲကစားခွင့်ပြုပြီးနောက်ပိုင်း ပူတာအိုတွင် Covid-19 ကူးစက် သေဆုံးမှုနှုန်း အဆမတန်တိုးလာ

အုပ်ချုပ်ရေးအဖွဲ့က ဘောလုံးပွဲကစားခွင့်ပြုပြီးနောက်ပိုင်း ပူတာအိုတွင် Covid-19 ကူးစက် သေဆုံးမှုနှုန်း အဆမတန်တိုးလာ

ပူတာအိုမြို့နယ်တွင် စစ်ကောင်စီသစ္စာခံ အုပ်ချုပ်ရေးမှူးအဖွဲ့များက ကျေးရွာအလိုက် ဘောလုံးကစားရန် ခွင့်ပြုမိန့် ပေးလိုက်သည့်နောက်ပိုင်း ကိုဗစ် - ၁၉ ရောဂါကူးစက်မှုနှုန်း ပိုမိုမြင့်တက်လာနေကြောင်း သိရသည်။

ပြီးခဲ့သော အောက်တိုဘာလလယ်ပိုင်းမှစတင်၍ ပူတာအိုမြို့တွင် ရပ်ကွက်အလိုက် ယဥ်ကျေးမှုဖလား ဗိုလ်လုပွဲ ဘောလုံးကစားနေသောကြောင့် ရပ်ကွက်အတွင်းရှိ ပြည်သူများ ကိုဗစ်ကူးစက်ခံနေရကြောင်း ပူတာအို ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောသည်။

"အုပ်ချုပ်ရေးအဖွဲ့က ယဥ်ကျေးမှုအဖွဲ့ကို ဘောလုံးကစားခွင့် ပေးလိုက်လို့ အခုဆို ရပ်ကွက်အားလုံမှာ ကိုဗစ်ကူးစက်ခံနေရတယ်။ မဖြစ်တဲ့လူ သိပ်မရှိတော့ဘူး။ အားလုံးဖျားကြတယ်။ ဘာကြောင့် လဲဆိုတော့ ကျေးရွာ ရပ်ကွက် အလိုက်ဆိုတော့ ပိုဆိုးသွားတာပေါ့" ဟု ပြောဆိုသည်။

ဘောလုံးကစားပွဲကို တစ်ရက်တွင် ကျေးရွာ (၆) ခုနှင့်  အသင်း (၃)ဖွဲ့ဖြင့် ပုံမှန်ကစားခဲ့ပြီး ရောဂါကူးစက်မှုမှာ မြို့ပေါ်နှင့် ကျေးရွာများတွင် ထိန်းချုပ်ရန် ခက်ခဲသွားသည်ဟု သူက ဆက်ပြောသည်။

"မြို့ပေါ်မှာ ရှိတဲ့ ဆရာဝန်တွေလည်း ထိန်းချုပ်ဖို့ မနိုင်တော့ဘူး။ တစ်ချို့ ဆိုရင် တစ်ချို့ကျေးရွာတွေမှာ ကာကွယ်ဆေးပြီး သွားရှောင်နေကြတယ်။ အုပ်ချုပ်ရေးအဖွဲ့တွေကလည်း ဘာမှ မလုပ်ပေးနိုင်တော့ဘူး။ အခြေအနေကို ပြောရရင် ကိုယ်ဖြစ်ကိုယ်ခံပေါ့။ အရမ်းဆိုးရွားနေတယ်"ဟု ဆက်ဆိုသည်။

ထိုသို့ ပူတာအိုမြို့နယ်အတွင်း ကိုဗစ်ရောဂါကူးစက်ပျံနှံ့မှုမြင့်တက်နေသော်လည်း ၄ ပတ်တိုင်တိုင် ပုံမှန် ကစားခဲ့ပြီး နိုဝင်ဘာလ ၁၃ ရက်နေ့တွင် နောက်ဆုံး ဗိုလ်လုပွဲ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပူတာအို မြို့နယ်ရှိ ကျေးရွာ ၆၀ ကျော်ခန့်နှင့် မြို့ပေါ် ရပ်ကွက် (၁၀) ခု တို့တွင် ကိုဗစ် ကူးစက်မှုပြင်းထန်နေပြီး လက်ရှိတွင် ဆေးစစ်ဆေးမှု ခံယူထားသော အတည်ပြုလူနာ ၈၀၀ နီးပါးခန့်ရှိနေကြောင်းလည်း သိရသည်။

ကျေးရွာအလိုက်နှင့် ရပ်ကွက်အတွင်း ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့မှု ပြင်းထန်နေသည့်အတွက် ရောဂါကူးစက်ခံရသည့် သက်ကြီးရွယ်အိုများ တစ်ရက်လျှင် ၂ ဦး ထက်မနည်း သေဆုံးမှု ဖြစ်ပွားနေကြောင်း နောက်ထပ် ပူတာအို ဒေသခံတစ်ဦးက ပြောသည်။

"ပူတာအိုမှာ ရောဂါကူးစက်ခံရတဲ့ သူတွေအရမ်းများလာတယ်။ အသက်ကြီးတဲ့ သူတွေဆိုရင် တစ်ရက်ကို ၂ ယောက်လောက် ဆုံးနေတယ်။ ဒါတောင် ကျနော်တို့ အနီးတဝိုက်မှာဖြစ်တာ။ ကျန်တဲ့နေရာမှာလည်း အတူတူဖြစ်လိမ့်မယ်"ဟု ပြောဆိုသည်။

ထိုနည်းတူ ပြီးခဲ့သည့်လက ပူတာအိုခရိုင် နောင်မွန်မြို့နယ်တွင်လည်း ဌာနေပြည်သူ့စစ်အဖွဲ့မှ ရပ်ကွက်ဘောလုံးစကားပွဲ ပြုလုပ်သောကြောင့် နောင်မွန်မြို့နယ်အတွင်း ကိုဗစ်ရောဂါကူးစက်ပျံနှံ့မှုမြင့်တက်ခဲ့ခြင်းဖြစ်သည်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...