ကျောက်မဲမြို့နယ် (၃)နှစ် ကလေးငယ်အပါအဝင် (၃)ဦး မိုင်းနင်းမိ

ကျောက်မဲမြို့နယ် (၃)နှစ် ကလေးငယ်အပါအဝင် (၃)ဦး မိုင်းနင်းမိ

သျှမ်းမြောက် ကျောက်မဲမြို့နယ် ကြူရှော(တောင်)ရွာအနီးတွင် နိုဝင်ဘာ (၁)ရက် နံနက် ၈ နာရီဝန်းကျင်ခန့်က (၃)နှစ် ကလေးငယ်အပါအဝင် ဒေသခံ (၃)ဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

အခင်းဖြစ်ပွားသည့် နံနက်ပိုင်း ၈ နာရီ ဝန်းကျင်တွင် လယ်တောသို့ သွားသည့် ကြူရှော(တောင်)ရွာ ရွာသားတစ်ဦးနှင့် ကြူရှော (ကုန်းသာ)တွင် နေထိုင်သည့် သားအဖ (၂)ဦးတို့ မိုင်းနင်းမိကာ ဒဏ်ရာပြင်းထန်စွာ ရရှိသဖြင့် လားရှိုးဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သတင်းရရှိသည်။

“အမျိုးသားတစ်ယောက်က စပါးရိတ်ဖို့ လယ်ကိုသွားရင်း မိုင်းနင်းမိတာ၊ ဖြစ်တာကတော့ ကြူရှော (တောင်) ရွာ ရဲ့ တောင်ဘက်မှာပါ၊ သူက ညာဘက် လက်မောင်းနဲ့ ခြေထောက်မှာ ဒဏ်ရာရသွားတယ်” ဟု ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုနည်းတူ ကြူရှော (ကုန်းသာ)နေ သားအဖ နှစ်ဦးမှာလည်း ထိုကျေးရွာမှ ကျောက်မဲမြို့တွင်းသို့ ဆင်းလာချိန် မိုင်းနင်းမိခြင်းဖြစ်ကြောင်း သိရသည်။

“သားအဖက ရွာကနေ ကျောက်မဲကို ဆင်းလာမယ့်အချိန် မိုင်းနင်းမိတာလို့ ကြားတယ်၊ အဖေဖြစ်သူက ညာဘက် ခြေကျင်းဝတ်မှာ ဒဏ်ရာရတယ်၊ (၃)နှစ်သား ကလေးက တင်ပါးမှာ ထိသွားတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

လက်ရှိတွင် အဆိုပါ မိုင်းနင်းမိ ဒဏ်ရာရှိသူ ၃ ဦးကို ကျောက်မဲ နမ့်ခုံးရှမ်းများပရဟိတအသင်းနှင့် ပူးပေါင်းအဖွဲ့တို့က သွားရောက်သယ်ဆောင်ပေးခဲ့ပြီး ကျောက်မဲဆေးရုံမှတဆင့် လားရှိုးဆေးရုံသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအပြင် စစ်ကောင်စီလက်အောက်ခံ တပ်များလည်းရှိနေပြီး နယ်မြေအတွင်း မြေမြုပ်မိုင်းအသုံးပြုမှုကြောင့် ဒေသခံ အရပ်သားများ မကြာခဏ မိုင်းနင်းမိကာ ထိခိုက်သေဆုံးခဲ့ရကြောင်း၊ ထို့အပြင် မြေမြုပ်မိုင်းကြောင့် ခြေထောက်ဖြတ်လိုက်ရသူများလည်း ရှိနေကြောင်း သိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...