ပင်လောင်း၊ ဆီဆိုင် Semi-Lockdown (၁၄)ရက် သတ်မှတ်

ပင်လောင်း၊ ဆီဆိုင် Semi-Lockdown (၁၄)ရက် သတ်မှတ်

သျှမ်းတောင် ပင်းလောင်းနှင့် ဆီဆိုင်မြို့နယ်တို့ကို နိုဝင်ဘာ ၁ ရက်မှ စတင်ပြီး Semi-Lockdown သတ်မှတ်လိုက်ကြောင်း သတင်းရရှိသည်။

ပင်လောင်းမြို့နယ်တွင် နိုဝင်ဘာ (၁၄)ရက်နေ့အထိလည်းကောင်း၊ ဆီဆိုင်မြို့နယ်ကို နိုဝင်ဘာ (၇)ရက်နေ့အထိ Semi-lcokdown အဖြစ် သတ်မှတ်ကြောင်း သက်ဆိုင်ရာကော်မတီက အောက်တိုဘာ ၃၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

“မြို့နယ်တစ်ခုလုံး Semi-lockdown ချလိုက်ပြီလို့ပြောတယ်၊ မနေ့ညကလည်း ရပ်ကွက်ထဲ လိုက်ပြီး ကြေညာတယ်၊ ဒီမှာက ကိုဗစ် ကူးတာတွေက အရမ်းများလာတယ်လေ၊ သေတာလည်း ရှိတယ်” ဟု ပင်လောင်းဒေသခံ အမျိုးသမီးတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ မြို့နယ်အတွင်း မွန်းလွဲ (၁)နာရီမှ စပြီး ဆေးဆိုင်၊ ဆေးခန်းများ၊ စက်သုံးဆီဆိုင်များမှ အပ အခြားစျေးဆိုင်များ ရောင်းချခွင့် မပြုကြောင်း၊ ကန့်သတ်ထားသည့် အချိန်အတွင်း ကျန်းမာရေးကိစ္စရှိပါက အုပ်ချုပ်ရေးမှူးထံ ဆက်သွယ်ပြီးမှ သွားလာရန်၊ စျေးဆိုင်များတွင် စျေးရောင်းချသူများ အားလုံး ကိုဗစ်ပိုး ရှိ မရှိ စစ်ဆေးမှု ခံယူပြီးမှသာ ဖွင့်လှစ်ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ဆီဆိုင်မြို့နယ်တွင်လည်း ဆီဆိုင်မြို့မစျေး၊ နောင်မွန်စျေး၊ ဘန်းယဥ်၊ ဆိုက်ခေါင်စျေးများရှိ စျေးသည်များ မနက် (၁၀)နာရီမတိုမီ အပြီးသိမ်းဆည်းကြရန်နှင့် ရပ်ကွက်များအတွင်း စက်သုံးဆီ၊ သောက်ရေသန့်၊ အခြေခံစားသောက်ကုန်၊ ဆေးဝါးနှင့် ဆေးပစ္စည်းရောင်းချသည့် ဆိုင်မအပ ကျန်အရောင်းဆိုင်များ ဖွင့်လှစ်ခြင်း ခွင့်မပြုကြောင်း ကြေညာထားသည်။

“ပိုးကူးတာများတယ်၊ စစ်ရမှာ ကြောက်နေကြတာ၊ နေမကောင်းဖြစ်လည်း မစစ်ကြဘူးလေ၊ ခုဆို ကိုဗစ်နဲ့ ဆုံးတဲ့သူလည်း ရှိလာပြီ၊ ကျမတို့ရွာမှာဆို (၃)ယောက်တောင်ရှိနေပြီ” ဟု ပုံးအင်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

သျှမ်းတောင် ဟိုးပုံးမြို့တွင်လည်း ကိုဗစ်ကူးစက်မှု မြင့်တက်မှုကြောင့် ပြီးခဲ့သည့် အောက်တိုဘာလ (၁၉)ရက်နေ့မှ နိုဝင်ဘာ (၂)ရက်နေ့အထိ Semi-lockdown သတ်မှတ်ထားကြောင်း သိရှိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...