ကျောက်မဲစစ်ရှောင်များ စားနပ်ရိက္ခာပြတ်လပ်နေပြီ

ကျောက်မဲစစ်ရှောင်များ စားနပ်ရိက္ခာပြတ်လပ်နေပြီ

သျှမ်းမြောက် ကျောက်မဲမြို့နယ်အတွင်း စစ်ရှောင်စခန်းများတွင် စားနပ်ရိက္ခာ ပြတ်လပ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

 

ကျောက်မဲမြို့နယ်အတွင်း အခြား စစ်ရှောင်စခန်း အပါအဝင် စစ်ရှောင်အများဆုံး ခိုလှုံနေသည့် ဟူးဆွန်ကျေးရွာအုပ်စုတွင် စားနပ်ရိက္ခာပြတ်လပ်နေပြီး အလှူရှင်များ လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူ ဒေသခံထံမှ သိရသည်။

“ဟူးဆွန်က စစ်ရှောင်တွေက အရမ်းကို ခက်ခဲနေပြီ၊ လူဦးရေလည်း များတယ်၊ (၁၅၀၀)ကျော်ရှိတယ်၊ စားသောက်ဖို့က ဒီတစ်ရက် နှစ်ရက်စာပဲ ကျန်တော့တယ်၊ မိုင်းငေါ့နဲ့ တစ်ခြားစစ်ရှောင်စခန်းမှာလည်း အဲ့လိုပဲ ခက်ခဲနေကြပြီ၊ ဆန်ရှိတယ်၊ ဟင်းက မရှိဘူး အဲ့လိုဖြစ်နေတာ” ဟု စစ်ရှောင်များကို ကူညီနေသည့် ကျောက်မဲ သျှမ်းစာပေနှင့်ယဥ်ကျေးမှုအသင်း ဥက္ကဌ လုင်းလျန်းဟန် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို ဟူးဆွန် စစ်ရှောင်စခန်းတွင် စစ်ရှောင် (၁၅၀၀)ကျော် ရှိပြီး အများစုမှာ အမျိုးသမီးနှင့် ကလေးငယ် များဖြစ်ကြောင်း၊ ထို့အပြင် ကိုယ်ဝန်သည် (၇)ဦးခန့်နှင့် မသန်စွမ်း (၁၀)ဦးကျော်လည်းရှိနေကြောင်း သိရသည်။

အလားတူ ဟူးဆွန်ကျေးရွာအုပ်စု အနီးတွင် ပြီးခဲ့သည့် ရက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တပ်အကြား တိုက်ပွဲပြင်းထန်ခဲ့သည့်အတွက် စစ်ရှောင်များအတွက်လည်း စိုးရိမ်ရကြောင်း ဒေသခံများထံမှ သိရသည်။

“စားနပ်ရိက္ခာခက်ခဲလို့ စစ်ရှောင်တွေ စိတ်အားငယ်နေကြတာ၊ တိုက်ပွဲက ဆက်ဖြစ်နေသေးတယ်၊ လက်နက်ကြီးသံက ကြားနေရတုန်းပဲ၊ စစ်ရှောင် ရှိတဲ့နေရာနဲ့ နီးတော့ သူတို့အတွက် စိုးရိမ်ရတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင် တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ပြီးခဲ့သည့် (၃)လဝန်းကျင် ကစပြီး မြို့ပေါ်အပြင် မိုင်းတင်း၊ ဗြိန်းခါး၊ နားမွန်း၊ နမ့်ဆော့၊ ကြူရှော၊ မန်ခါ၊ မိုင်းငေါ့၊ ဟူးဆွန်တို့တွင် စစ်ရှောင်ထွက်ပြေးခဲ့ရကြောင်း၊ ပြီးခဲ့သည့် အောက်တိုဘာ လကုန်အထိ နေရပ် မပြန်နိုင်သေးသည့် ဒေသခံ (၂၆၀၀)ဝန်းကျင်ထိ ရှိနေကြောင်း သိရှိရသည်။

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...