ကျောက်မဲ တိုက်ပွဲဆက်ဖြစ်နေ နားမွန်းစစ်ရှောင်စခန်း ပြောင်းရွှေ့ရ

ကျောက်မဲ တိုက်ပွဲဆက်ဖြစ်နေ နားမွန်းစစ်ရှောင်စခန်း ပြောင်းရွှေ့ရ

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် တိုက်ပွဲဆက်ဖြစ်နေပြီး လက်နက်ကြီးကျမှာ စိုးရိမ်သည့်အတွက် နားမွန်းစစ်ရှောင်များ စခန်းပြောင်းရွှေ့နေထိုင်ရကြောင်း သတင်းရရှိသည်။

နားမွန်းစစ်ရှောင်စခန်းတွင် ကိုယ်ဝန်သည်တစ်ဦးအပါအဝင် စစ်ရှောင် (၃၀) ကျော်ရှိနေပြီး ယခုရက်ပိုင်း တိုက်ပွဲပြင်းထန်နေသည့်အတွက် ရွာဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့နေထိုင်ရတာဖြစ်ကြောင်း သိရသည်။

“အရင်က စာသင်ကျောင်းမှာနေတာ၊ ချိုင့်ဝှမ်းနေရာဖြစ်တော့ ကြောက်ရတယ်၊ ပြီးခဲ့တဲ့ ၂ ရက်က တိုက်ပွဲပြင်းထန်တယ်လေ၊ လက်နက်ကြီးတွေ ကျမှာစိုးရိမ်လို့ နေရာပြောင်းလိုက်ရတယ်၊ ရွာဘုန်းကြီးကျောင်းကဇရပ်ထဲ ပြောင်းနေကြတာ” ဟု စစ်ရှောင်များကိုကူညီနေသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စုထဲတွင် နားမွန်း၊ ဗြိန်းခါး၊ မိုင်းတင်းနှင့် နမ့်စော့စစ်ရှောင်စခန်းတို့ ရှိပြီး စစ်ရှောင် (၃၀၀) ကျော် ခိုလှုံနေတာဖြစ်သည်။

ထိုဒေသတွင် ပြီးခဲ့သည့် အောက်တိုဘာလ (၂၂) ရက်နေ့မှစပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်များအကြား တိုက်ပွဲဆက်လက်ပြင်းထန်လာခဲ့တာဖြစ်ကြောင်း သိရသည်။

“မနေ့ကတော့ အသံမကြားရဘူး၊ ဒီနေ့ ပန်စလော့အပေါ်ပိုင်းမှာ ပစ်ကြတယ်လို့ကြားတယ်၊ မနက် ၇ နာရီလောက်မှာ ပစ်တဲ့အသံကြားရတာ” ဟု မိုင်းတင်းဒေသခံတစ်ဦးက ပြောသည်။

ယနေ့ အောက်တိုဘာ (၂၇) ရက် မနက်အစောပိုင်းက နောင်ပစ်ကျေးရွာအုပ်စုအနီးတဝိုက်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖြစ်သည့် RCSS နှင့် တပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် (၂) လဝန်းကျင်ကတည်းက နောင်စိန်၊ ပန်လင်၊ လွယ်ကုန်၊ မောက်ငါးစန့်၊ ပန်စလော့၊ ဟူးကွက်၊ ကြိမ်းလောနှင့်အခြားကျေးရွာ အနီးတဝိုက်တို့တွင် တိုက်ပွဲပြင်းထန်ခဲ့မှုကြောင့် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယနေ့အချိန်ထိ နေရပ် မပြန်နိုင်သေးပေ။

“သူတို့က အိမ်အရမ်းပြန်ချင်နေပြီ၊ စစ်ရှောင်လာတာ (၂) လကျော်ရှိပြီလေ၊ ပြန်ချင်တယ်ဆိုပြီး ပြောတယ်၊ တစ်ချို့ဆို မျက်ရည်တောင်ကျတယ်” ဟု စစ်ရှောင်ကူညီသည့် ကျောက်မဲဒေသခံတစ်ဦးက ပြောသည်။

ယနေ့ တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့်နီးသည့် ကြူရှောနှင့် ဟူးဆွန်ကျေးရွာအုပ်စုတွင် စစ်ရှောင် (၁၆၀၀) ကျော်ရှိနေကြောင်း သိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...