ဟိုပုံးမြို့ရှိ ကျေးရွာများ တစ်အိမ်တစ်ယောက် အမိန့်ဖြင့် စစ်ထောက်ခံပွဲလုပ်

ဟိုပုံးမြို့ရှိ ကျေးရွာများ တစ်အိမ်တစ်ယောက် အမိန့်ဖြင့် စစ်ထောက်ခံပွဲလုပ်

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် လူစုလူဝေးဖြင့် စစ်တပ်ထောက်ခံပွဲပြုလုပ်ပြီး ကျေးရွာရှိ ဒေသခံများ တစ်အိမ်တစ်ယောက် မလာမနေရ ဆိုသည့်အမိန့်ဖြင့် အတင်းအဓမ္မ ခေါ်လာခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ အောက်တိုဘာ (၂၇) ရက် မနက် (၈) နာရီတွင် ဟိုပုံးမြို့ပေါ် ဘုရားရှေ့ရှိ ကျောက်တိုင်ကွင်းသို့ အရောက်လာရန် ခေါ်ထားပြီး တစ်ရွာလျှင် အနည်းဆုံး လူဦးရေ (၁၀၀) လာရမည်ဟု အမိန့်ထုတ်ထားကြောင်း သိရသည်။

“ရွာကလူတွေကို အတင်းအဓမ္မလာခိုင်းနေတာပါ။ မလာမနေရ တစ်အိမ်တစ်ယောက် လာရတယ်။ မလာရင် တစ်အိမ်တစ်သောင်းဆိုပြီး ဒဏ်ရိုက်မယ်။ တစ်ရွာကို အနည်းဆုံး တစ်ရာ လို့တော့ ကြားတယ်” ဟု ဆန္ဒပြပွဲမှာ ရောက်လာသည့် နမ့်ပေါ်ဟွန်းရွာက ဒေသခံအမျိုးသားတစ်ဦး က ပြောသည်။

စစ်တပ်ထောက်ခံပွဲတွင် ဟိုပုံးမြို့ပေါ်နေ ဒေသခံများ ပါဝင်ခြင်းမရှိဘဲ ဟိုပုံးအနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ၊ တပ်မိသားစုဝင်များနှင့် ရဲမိသားစုဝင်များသာ ပါဝင်ခဲ့ကြောင်း သိရှိရသည်။

“လူအင်အားက (၅၀၀) ကျော်လောက်တော့ ရှိမယ်။ ရွာကလူတွေချည်း အလကားနေ ရောဂါကူးကြဦးမှာ နေ့စားခတော့ ပေးမယ်လို့ ပြောထားတယ်၊ အတိအကျတော့ မပြောဘူးတဲ့” ဟု အမည်မဖော်လိုသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဟိုပုံးကိုရင်လေး ပျံလွန်တော်မူပြီးနောက်ပိုင်း ဟိုပုံးမြို့ပေါ်နှင့် ကျေးရွာများမှာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းနှင့် သေဆုံးမှုနှှုန်း များပြားလာသဖြင့် ဟိုပုံးမြို့ကို အောက်တိုဘာ (၁၉) ရက်မှ နိုဝင်ဘာ (၂) ရက်ထိ Semi lockdown ပြုလုပ်ထားသည်။

“Lockdown ချထားတဲ့ ကာလကြီးကိုတောင် ခုလို မဖြစ်မနေလုပ်နေကြတာ တပ်မတော်ဆိုတာ ပြည်သူတွေရဲ့ ချဉ်ဖတ်ဆိုတာ ထင်ဟပ်နေသလိုပဲ။ ခုလို မဟုတ်က ဟုတ်ကတွေ လျှောက်လုပ်လေ သိက္ခာပိုကျလေပဲဖြစ်မှာ။ ရောဂါတွေ ထပ်ပြန့်အောင် လုပ်နေသလိုပဲ” ဟု ဟိုပုံးဒေသခံ အသက် (၄၀) ကျော် အမျိုးသမီးတစ်ဦးကေ ပြာသည်။

Semilockdown ကာလအတွင်း နေအိမ်အပြင်ထွက်လျှင် ဈေးဝယ်ခွင့်ကဒ် ကိုင်ဆောင်ရမည်ဖြစ်ပြီး နေ့လည်တစ်နာရီနောက်ပိုင်း အိမ်အပြင်သို့ မထွက်ရကြောင်း ဌာနဆိုင်ရာများက ထုတ်ပြန်ထားသည်။

သျှမ်းပြည်တွင် တပ်ထောက်ခံပွဲကို လားရှိုးမြို့၊ တန့်ယန်းမြို့၊ လွိုင်လင်မြို့၊ မိုင်းတုံမြို့တို့တွင်လည်း ပြုလုပ်နေကြကြောင်း သိရသည်။

ဖေဖော်ဝါရီ (၁) ရက် စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း စစ်ကောင်စီက ပြည်သူ (၁၁၉၉) ဦးကို သတ်ဖြတ်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး (AAPP) က အောက်တိုဘာ (၂၅) ရက်နေ့တွင် ထုတ်ပြန်ထားသည်။

 

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...