နောင်မွန်မြို့ Covid-19 လူများအတွက် အောက်စီဂျင်အိုးများ ထပ်မံ လိုအပ်နေ

နောင်မွန်မြို့ Covid-19 လူများအတွက် အောက်စီဂျင်အိုးများ ထပ်မံ လိုအပ်နေ

ပူတာအိုခရိုင် နောင်မွန်မြို့ရှိ Covid-19 လူနာများအတွက်အရေးတကြီးလိုအပ်နေသော အောက်ဆီဂျင်အိုးများ သယ်ယူဖို့ လိုအပ်နေသော်လည်း စစ်ကောင်စီက ခွင့်မပြုသဖြင့် အခက်ကြုံနေရကြောင်း သိရသည်။

လူဦးရေ နည်းပါးသော နောင်မွန်မြို့တွင် ကိုဗစ် ကူးစက်ခံရသူ အဆမတန်တိုးလာသောကြောင့် ဆေးဝါးပစ္စည်းများလည်း ကူညီထောက်ပံ့ပေးရန်လိုအပ်နေကြောင်း လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ကျနော်တို့မှာ အောက်ဆီဂျင်ဗူးရရှိဖို့အဆင်မပြေဘူး။ လောလောဆယ်က အစိုးရလို့ခံယူထားတဲ့ အဖွဲ့တွေက သယ်ယူခွင့်ကိုမပေး ဘူး။ မန္တလေးမှာ အလှူရှင်ပေးတာဟုတ်တယ်။ သယ်ယူဖို့အကြိမ်ကြိမ်ကြိုးစားတယ်။ မရတော့ လှူတဲ့အဖွဲ့တွေကို ပြန်ငြင်းလိုက်ပြီး ပြန်အပ်ရတယ်။ ဒါပေမယ့် လျှပ်စစ်နဲ့သုံးလို့ရတဲ့ဟာက သယ်ယူခွင့်ပြုတယ်လို့တော့ ပြောတယ်။ ပြီးရင် ဆေးဝါးတွေလည်း လိုအပ်နေတယ်” ဟု ပြောဆိုသည်။

နောင်မွန်မြို့ရှိ ကိုဗစ်-၁၉ လူနာများအတွက် တစ်ရက် အောက်ဆီဂျင် ၁၀ လုံးထက်မနည်းထုတ်လုပ်နိုင်ရန်အတွက် စက်မောင်းနှင်ရန် မီးစက်အကြီးတစ်လုံး လိုအပ်နေသည်ဟုလည်း ဆိုသည်။

“ကျနော်တို့ နောင်မွန်ဆေးရုံမှာက နဂိုကနေ အောက်ဆီဂျင် ၃၊ ၄လုံးလောက်တော့ရှိမယ်ထင်တယ်။ ဆေးရုံမှာက Honda မီးစက်အသေးတစ်ခုဘဲရှိတာ။ အဲ့စက်တစ်ခုထဲနဲ့ အများကြီး ထုတ်မပေးနိုင်ဘူး။ ပြီးတော့ ဒီဘက်က ဆီစျေးကြီးတော့ အလွန်ဆုံး ၃နာရီလောက်ဘဲစက်နိုး နိုင်တယ်။ အဲ့ကြောင့် ဖြစ်နိုင်ရင် ဗို့များတဲ့ စက်တစ်လုံးလည်း လိုအပ်တယ်” ဟု ပြောဆိုသည်။

ကချင်ပြည်နယ်မြောက်ပိုင်း နောင်မွန်မြို့တွင် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ၁၈ဦးစတင်တွေ့ရှိခဲ့ပြီးနောက် ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့အထိ ပိုးကူးစက်ခံရသူ ၇၀ ကျော်ပြီဖြစ်သည်။

နောင်မွန်မြို့ပေါ်ရပ်ကွက် ၅ ခုရှိသည့်အနက် ရပ်ကွက် ၂ နှင့် ၃ တွင် ကူးစက်မှုအများဆုံးဖြစ်သောကြောင့် ဒေသခံတစ်ချို့မှာ နီးစပ်ရာ တောင်ယာအခင်းများသို့ သွားရောက်တိမ်းရှောင်နေရကြောင်း သိရသည်။

ပြီးခဲ့သော စက်တင်ဘာလကုန်ပိုင်း နောင်မွန်အုပ်ချုပ်ရေးမှူးအဖွဲ့များ ဦးဆောင်သော ဘောလုံးပွဲလူစုလူဝေးများကြောင့် ရောဂါကူးစက်မှုနှုန်း ပိုမိုမြင့်တက်လာသည်ဟု ဒေသခံများ သုံးသပ်ပြောဆိုနေကြသည်။

 
 

 

 

May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...
May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...