ကျောက်မဲ ဗဟိုစျေးအတွင်း စျေးသည် (၂) ဦး ကိုဗစ်ပိုးတွေ့

ကျောက်မဲ ဗဟိုစျေးအတွင်း စျေးသည် (၂) ဦး ကိုဗစ်ပိုးတွေ့

သျှမ်းမြောက် ကျောက်မဲမြို့ ဗဟိုစျေးတွင် စျေးရောင်းသည့် စျေးသည် (၂) ဦးထံမှ ကိုဗစ်-၁၉ ပိုး စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ကြောင်း သတင်းရရှိသည်။

ကျောက်မဲ ဗဟိုစျေးတောင်ဘက်အခြမ်းတွင် ရောင်းချနေသည့် စျေးသည် (၂၀၀) ကို ယနေ့ အောက်တိုဘာ (၂၅) ရက်တွင် စစ်ဆေးခဲ့ရာ စျေးရောင်းသူ (၂) ဦးထံမှ ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိခဲ့ရတာဖြစ်ကြောင်း သိရသည်။

“ဒီနေ့ စျေးတောင်ဘက်မှာ ရောင်းတဲ့သူတွေကို ပထမအကြိမ်စစ်ဆေးတာပါ၊ စျေးသည် (၂) ယောက်မှာ ပိုးတွေ့တယ်၊ တောင်ဘက်ခြမ်းရောင်းတဲ့သူ နောက်ထပ် (၁၀၀) ကျော်လောက်ကျန်သေးတယ်၊ မြောက်ဘက် ရောင်းတဲ့သူကိုလည်း စစ်ပေးသွားမှာပါ” ဟု ကျောက်မဲ ပရဟိတအသင်းဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စျေးရောင်းသူ (၂) ဦးမှာ (၃) ရပ်ကွက်တွင် နေထိုင်သူများဖြစ်ပြီး ကိုဗစ်ကူးစက်မှုများသည့် နောင်ပိန်ကျေးရွာအုပ်စု စျေးနေ့တိုင်း စျေးသွားရောင်းချသူဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကျောက်မဲ ဗဟိုစျေးကို တောင်ဘက်ခြမ်း တစ်ရက်၊ မြောက်ဘက်ခြမ်း တစ်ရက်ဖြင့် အလှည့်ကျ ဖွင့်ခွင့်ပြုထားသည်မှာ တစ်လဝန်းကျင်ခန့် ရှိနေပြီဖြစ်သည်။

ထို့အပြင် ပြည်သူ့ဆေးရုံတွင် ကိုဗစ်ဖြင့် ဆေးကုသမှုခံယူနေသူ သိသိသာသာ လျော့နည်းသွားသော်လည်း ယခုရက်ပိုင်း အောက်ဆီဂျင်အိုး ငှားပေးနေမှုမှာ ယခင်ကထက် ပိုမိုများပြားလာနေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“အောက်ဆီဂျင်အိုး ငှားပေးတာက ခုရက်ပိုင်း များလာတယ်၊ ပိုပြီးစိပ်လာတာပေါ့၊ ဆေးရုံမှာကတော့ လူနာတွေ တော်တော်လေးကို လျော့နည်းသွားပါပြီ၊ ဒါပေမယ့် ဒီမြို့ထဲမှာ အောက်ဆီဂျင်လိုလို့ ငှားနေတာတော့ ပိုများလာတယ်” ဟု လူမှုရေးအသင်းဝင်တစ်ဦးက ပြောသည်။

လက်ရှိကျောက်မဲ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ (၅၀) ကျော်ရှိပြီး မြို့ပေါ်၌ ကိုဗစ်ကူးစက်မှု လျော့နည်းသော်လည်း ကျေးရွာများတွင် ကူးစက်မှု မြင့်တက်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ကျောက်မဲမြို့နယ်တွင် ဇွန်လ (၂၂) ရက်မှ အောက်တိုဘာ ၂၅ ရက် မွန်းတည့်ချိန်အထိ ကိုဗစ် ကူးစက်ခံရသူ (၁၇၅၂) ဦးရှိပြီး သေဆုံးသူ (၉၇) ဦးထိရှိနေကြောင်း သိရသည်။

 
 

 

 

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...