နယ်မြေကျူးကျော်ခွင့်မပေးပါက ပန်ဆိုင်းထွက်ကြံများ ဝယ်ယူမည်မဟုတ်ကြောင်း တရုတ်ဖိအားပေး

နယ်မြေကျူးကျော်ခွင့်မပေးပါက ပန်ဆိုင်းထွက်ကြံများ ဝယ်ယူမည်မဟုတ်ကြောင်း တရုတ်ဖိအားပေး

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် မန့်မိုင်ကျေးရွာအတွင်းသို့ တရုတ်မှ နယ်မြေကျူးကျော် ခြံစည်းရိုးခတ်မှုကို ဒေသခံများက သ‌ဘောမတူပါက နောက်ထွက်လာမည့် ကြံများကို ဝယ်ယူမည်မဟုတ်ကြောင်း တရုတ်က ဖိအားပေးပြောဆိုလာကြောင်း စုံစမ်းသိရသည်။

ပန်ဆိုင်းမြို့နယ် မန့်မိုင်ကျေးရွာထဲသို့ တရုတ်ဘက်မှ အောက်တိုဘာ (၂၀) ရက်နေ့ကစပြီး နယ်မြေကျူးကျော်ကာ ခြံစည်းရိုးလာခတ်ခဲ့ကြောင်း သိရသည်။

“သူတို့ နယ်မြေကျော်လာပြီး ခြံစည်းရိုးထပ်လာခတ်တာ။ လာခတ်ပြီးတော့ ကျနော်တို့ဘက်ကနေ သ‌ဘောမတူညီရင် ကျနော်တို့စိုက်ထားတဲ့ ကြံတွေကို သူတို့က မဝယ်ယူနိုင်ဘူးလို့ ပြောတယ်။ ကျနော်တို့ကို ဖိအားပေးတာပေါ့” ဟု မန့်မိုင်ကျေးရွာဒေသခံတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ပြန့်ပွားမှုကြောင့် တရုတ်ဘက်မှ ပန်ဆိုင်းဒေသခံများ စိုက်ပျိုးပြီးထွက်လာမည့်ကြံကို မဝယ်ပါက ဒေသခံများ စားဝတ်နေရေးအတွက် အခက်ခဲများစွာရှိလာနိုင်ကြောင်း သိရသည်။

“အခုချိန်က ကိုဗစ် ကာလလေ။ ကျနော်တို့လည်း တခြားလုပ်စားဖို့ကခက်တယ်။ နောက်ထပ် ၃-၄ လလောက်ဆို ကြံကို ခုတ်ရောင်းရတော့မယ်။ သူတို့ဘက် မဝယ်ဘူးဆိုရင် ကျနော်တို့အတွက်က ခက်ခဲမှုများစွာ ရှိလာနိုင်တယ်လေ။ ကျနော်တို့ စားဝတ်နေရေးအတွက်က ပိုပြီးခက်ခဲလာနိုင်တာပေါ့” ဟု မန့်မိုင်ကျေးရွာဒေသခံတဦးက ပြောသည်။

ထိုခြံခတ်သည့် ကိစ္စကို ပန်ဆိုင်းမြို့နယ် အုပ်ချုပ်ရေးမှူးကို သွားရောက်တင်ပြသော်လည်း ယနေ့ထိတိုင် ဖြေရှင်းပေးခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။

“သူတို့က ဒီဘက်ကို ကျူးကျော်လာပြီးတော့ ခြံစည်းရိုးထပ်လာလုပ်တာ။ မြစ်ချောင်းကို ထပ်တူးလာတာ။ ကျနော်တို့ဘက်ကို ထပ်ပြီးခြံစည်းရိုးလာခတ်မလို့ထင်တယ်။ ဒါကို ကျနော်တို့ ပန်ဆိုင်း‌ကျေးရွာအုပ်ချုပ်ရေးမှူးကို တင်ပြတယ်။ ဘာမှလာမဖြေရှင်းပေးဘူး။ လာလည်းမကြည့်ပေးဘူး” ဟု မန့်မိုင်ကျေးရွာ ဒေသခံများက ပြောသည်။

ပန်ဆိုင်းမြို့နယ် မန့်မိုင်ကျေးရွာတွင် ယခုလို နယ်မြေကျူးကျော်လာခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် အောက်တိုဘာ (၁၈) တွင်လည်း နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာတွင် တရုတ်နိုင်ငံဘက်မှ နယ်မြေကျူးကျော်လာပြီး ခြံစည်းရိုးထပ်မံလာခတ်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ (၁) ရက် စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း တရုတ်နိုင်ငံမှ နယ်စပ်ဖြစ်သည့် ကျေးရွာဒေသများတွင် နယ်မြေကျူးကျော်လာပြီး ခြံစည်းရိုးပိုမိုခတ်လာခဲ့ကြောင်း သိရသည်။

 
 

 

 

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...