စစ်ကောင်စီမှ ဓနု ကျောင်းဆရာ ပြန်လွှတ်ပေးပြီး အချုပ်ခန်းအပြင်မရောက်ခင် ပြန်ဖမ်းသွား

စစ်ကောင်စီမှ ဓနု ကျောင်းဆရာ ပြန်လွှတ်ပေးပြီး အချုပ်ခန်းအပြင်မရောက်ခင် ပြန်ဖမ်းသွား

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့ရှိ ညောင်ရွှေအကျဥ်းထောင် (တောင်လေးလုံး) တွင် စစ်ကောင်စီက ချုပ်နှောင်ခံထားရသည့် ဓနုတိုင်းရင်းသား အထက်တန်းပြကျောင်းဆရာတစ္ဦးကို လွတ်ငြိမ်းဖြင့် ပြန်လွှတ်ပေးခဲ့ရာ ထောင်ဝန်းအပြင်မရောက်ခင် ပြန်လည်ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၀ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လွတ်လာသည့် အထက်တန်းပြ ကျောင်းဆရာတစ်ဦးဖြစ်သည့်အပြင် အဆိုတော်တစ်ဦးလည်းဖြစ်သည့် ဓနုတိုင်းရင်းသား ကိုပြည့်ဖြိုးဝင်းသည် ထောင်ဝန်းအပြင်မရောက်မှီ ချက်ချင်း ပြန်လည်ဖမ်းဆီးခြင်းခံလိုက်ရကြောင်း မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲ့နေ့က (အောက်တိုဘာလ ၂၀ ရက်) လွှတ်ပေးမယ်ဆိုလို့ ကျမတို့သွားစောင့်ခဲ့တာ၊ အဲ့နေ့ ညနေပိုင်းလောက်ရောက်မှ သူတို့က တစ်စုလွှတ်ပေးတယ်၊ ကျမတို့လူမပါသေးတော့ ကျမတို့ထပ်စောင့်တာ ည ၇ နာရီထိုးခါနီးတော့ နောက်ထပ်တစ်သုတ် ထပ်လွှတ်ပေးတယ်၊ စုစုပေါင်း ၁၇ ယောက်လောက်ရှိမယ်၊ ဒါပေမဲ့ တချို့ပဲလွတ်တယ်၊ သူ (ကိုပြည့်ဖြိုးဝင်း) နဲ့ တချို့က ချက်ချင်း ပြန်အဖမ်းခံလိုက်ရတယ်” ဟု ထောင်ရှေ့သို့ သွားရောက်စောင့်ခဲ့သည့် ဆွေမျိုးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ကိုပြည့်ဖြိုးဝင်းသည် ပင်းတယမြို့နယ်၊ မိုင်းအင်းကျေးရွာတွင် နေထိုင်သည့် ပန်သခွား (အ.ထ.က) အထက်တန်းပြ ကျောင်းဆရာနှင့် အဆိုတော်တစ်ဦးဖြစ်သည့်အပြင် စစ်တပ်မှ နိုင်ငံတော်သိမ်းယူပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ခဲ့မှုနှင့် မေလ ၁၇ ရက်၊ နံနက် ၃ နာရီအချိန်တွင် တောင်ကြီးမြို့နယ် ပန်သခွား၊ အထက်တန်းကျောင်း၌ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း သိရသည်။

တောင်လေးလုံး အကျဥ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်နှင့်အတူ ပြန်လွတ်လာရမည့် စာရင်းတွင် တစ်ဦး အပါအဝင်ဖြစ်ပြီး ထောင်ဝန်းအပြင်ဘက် မရောက်ခင်တွင် အကြမ်းဖက်မှု ပုဒ်မဖြင့် စစ်ကောင်စီက ပြန်လည် ဖမ်းဆီးထားခြင်းဖြစ်သည်ဟုလည်း မိသားစုနှင့် နီးစပ်သည့် ဒေသခံများက ပြောသည်။

“အရင်တုန်းက ရုံးချိန်း နှစ်ခါရှိပါတယ်၊ သူ့ကို ၅၀၅ (က) နဲ့ တရားစွဲထားတာ၊ ထောင်ထဲကနေပဲ တရားရင်ဆိုင်ခဲ့တာပေါ့၊ ထောင်ဝင်စာပေးလို့ရတယ်၊ လူကိုယ်တိုင်တော့ တွေ့ခွင့်မရခဲ့ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီသည် နိုင်ငံရေးအကျဉ်းသားများကို အောက်တိုဘာလ ၁၈ ရက်မှ စတင်ပြန်လွှတ်ပေးခဲ့သော်လည်း လွတ်မြောက်ပြီးမှ ပြန်လည်ဖမ်းဆီးခံရသူများလည်း အများအပြားရှိနေကြောင်း သိရသည်။

ထို့ကြောင့် စစ်ကောင်စီတို့ လုပ်ရပ်သည် ပြည်သူများကို စိတ်ဒဏ်ရာများပေးပြီး ဒုက္ခပေးနေသည့်သဘောဖြစ်သည်ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အသက် ၂၄ နှစ်အရွယ် လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒါက သူတို့လှည့်ကွက်ပဲလေ၊ ပြောရရင် အာဆီယံကို မျက်နှာလိုမျက်နှာရ လုပ်ပြချင်တာ၊ မလွှတ်ဘူးဆိုလည်း အစကတည်းက မလွှတ်ဘူးပေါ့။ အခုတော့ လွှတ်ပြီးမှ ပြန်ဖမ်းပြီး အချုပ်ထဲပြန်ထည့်တယ်၊ စောင့်နေရတဲ့ မိသားစုရော၊ ထောင်ထဲကလွတ်လာတဲ့သူရော ဝမ်းနည်းပက်လက်ဖြစ်ရတယ်၊ ပြည်သူတွေကို စိတ်ဒဏ်ရာပေးပြီး ဒုက္ခပေးနေတာ” ဟု ၎င်းက ပြောသည်။

လွတ်မြောက်ပြီး မကြာမီ ပြန်လည်ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသား (၁၁၀) ရှိပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ အင်မတန်ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) လည်း အောက်တိုဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ထားသည်။

 
 

 

 

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...