တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ရှိ ကျွဲခြံရွာမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအပြီး အသက်မပြည့်သေးသည့် ကလေး ၂ ဦးအပါအဝင် ဒေသခံ ၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၃ ရက်နေ့ မနက်ပိုင်းမှာ ကျွဲခြံရွာမှာ စစ်ကောင်စီတပ်နှင့်ဒေသခံ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
"မနေ့က တိုက်ပွဲအပြီး ဒေသခံတွေကို ဓါးစာခံအဖြစ်ခေါ်သွားတာနေမယ်။ သူတို့ဘက်က ထိခိုကိကျဆုံးမှုရှိတယ်လို့ သိရတယ်။ အိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးတာတွေလုပ်သွားတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်နေစဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးကို မီးရှို့ဖျက်စီးခဲ့ပါတယ်။
ဒါ့အပြင် လက်နက်ကြီးထိမှန်တာကြောင့် နေအိမ်တစ်လုံးပျက်စီးကာ နေအိမ် ၂ လုံးကိုလည်း ထပ်မံရိုက်ချိုးဖျက်စီးခဲ့ပြီး စျေးဆိုင်ရောင်းချသည့်နေအိမ်မှ ပစ္စည်းများကို ကားဖြင့် သယ်ဆောင်သွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒေသခံအမျိုးသား ၃ ဦးနှင့်အသက်မပြည့်သေးသည့် ကလေး ၂ ဦး စုစုပေါင်း ၅ ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ကျွဲခြံရွာ ဘုန်းတော်ကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက သဲချောင်းကြီးရွာဘက်ကို တပ်ပြန်ဆုတ်ပြီး အင်အားဖြည့်တင်းနေတယ်လို့ သိရပါတယ်။







