ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာနေ ရဲတပ်ကြပ်တစ်ဦး အောက်တိုဘာလ ၃ ရက်နေ့ ညနေပိုင်းက သေနတ်နဲ့ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
သေဆုံးသူမှာ ကျိုက်ထိုမြို့မရဲစခန်းမှ ရဲတပ်ကြပ် ကျော်စိုးမိုးဆိုသူဖြစ်တယ်လို့ သိရပါတယ်။
ယနေ့ညနေ ၆ နာရီခန့်မှာ ဖက္ကလိပ်ကျေးရွာ အုပ်ချုပ်ရေးရုံး အနီးတွင် နေထိုင်သော ရဲတပ်ကြပ် ကျော်စိုးမိုး နေအိမ်ကို ဆိုင်ကယ်ဖြင့်လာသည့် အမည်မသိ သေနတ်သမား တစ်စုက ဝင်ရောက်ပစ်ခတ်သွားတယ်လို့ သိရပါတယ်။
"သူအိမ်ရှေ့မှာ တံမြက်စည်းလှည်းနေတယ်ဆိုလားပဲ အဲ့အချိန်မှာ လာပစ်သွားတာ။ သေနတ် ၆ ချက်ပစ်ခံရတယ်လို့ သိရတယ်။ သေသွားတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရဲတပ်ကြပ် ကျော်စိုးမိုးသေနတ်နဲ့ပစ်ခတ်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိစစ်ဆေးနေပြီး ပစ်ခတ်သွားသူတွေကို လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။







