၎င်းက “မြန်မာနိုင်ငံကလာတဲ့ ရှေးဟောင်းပစ္စည်းတွေထဲမှာ နွားလှည်း၊ မြင်းလှည်းနဲ့ဆိုက်ကားတွေ လတ်တလောမှာ အဝယ်လိုက်နေတယ်။ တစ်လကိုအစီးရေ (၃၀)လောက်တော့ ရောင်းနေရပါတယ်။ အများစုဝယ်ယူကြတဲ့ လူတွေ ကတော့ ဟော်တယ်နဲ့ခရီးသွားလုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေဖြစ်တယ်”ဟု ဆိုသည်။
အဆိုပါ လှည်းယာဉ်များအပါအဝင် ရှေးဟောင်းပစ္စည်းများကို မြန်မာနိုင်ငံမှတဆင့် ၀ယ်ယူရခြင်းဖြစ်ပြီး လက်ရှိထိုင်းနယ်စပ် တွင် ရောင်းချနေသည့် နွားလှည်းနှင့်မြင်းလှည်း တန်ဖိုးမှာ တစ်စီးလျှင်ထိုင်းဘတ်ငွေ ၁၅,၀၀၀၊ မြန်မာငွေကျပ် ၅ သိန်းခန့်ဖြစ်ပြီး ဆိုက်ကားစျေးမှာ တစ်စီးလျှင် ထိုင်းဘတ်ငွေ ၆,၀၀၀ ခန့်၊ မြန်မာငွေ ၂ သိန်းခန့်ဖြစ်ကြောင်းသိရသည်။
နွားလှည်းများ ၀ယ်ယူစုဆောင်းပြီး ထိုင်းဘက်သို့တင်ပို့သည့် မြန်မာကုန်သည်တစ်ဦးက “ကျနော်ကတော့ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်က နွားလှည်းတွေကို လိုက်ရှာဝယ်ပြီး ထိုင်းဖက်ကို ပြန်ရောင်းတာပါ။ အောက်ကနေ မဲဆောက်ဖက်ခြမ်းကို ပစ္စည်းတွေရောက်ဖို့ ကိုယ့်တစ်ယောက်တည်း သပိတ်ဝင်၊ အိတ်ဝင်တော့မရဘူး။ အားလုံးနဲ့အဆင်ပြေအောင် လုပ်ရပါတယ်။ ဒီပစ္စည်းတွေက သယ်ချင်သလို သယ်လို့မရဘူး။ အကန့်အသတ်တွေရှိပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ယခင်ကဲ့သို့ နွားလှည်းများ၊ ခိုင်းနွားများနေရာတွင် ထော်လာဂျီအပါအဝင် လယ်ယာသုံးစက်ပစ္စည်းများ အစားထိုးအသုံးပြုမှုများကြောင့် လယ်ယာလုပ်ငန်းခွင်တွင် အသုံးမပြုတော့သည့် နွားလှည်းများကို တောင်သူများက ထုတ်ရောင်းကြခြင်းဖြစ်သည် အဆိုပါမြန်မာကုန်သည်က ဖြည့်စွက်ပြောဆိုသည်။
အရှေ့တောင်အာရှတွင် ဟော်တယ်နှင့်ခရီးသွားလုပ်ငန်းအောင်မြင်နေသည့် ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံမှ ရှေးဟောင်း ပစ္စည်းများနှင့် နွားလှည်းမြင်းလှည်းများကို ဟော်တယ်များ၌ အလှဆင်ပစ္စည်းများအဖြစ် ပြသခြင်းနှင့် တဆင့်ပြန်လည်ရောင်း ချခြင်းဖြစ်သည်ဟု သိရသည်။
မြန်မာနိုင်ငံမှ လှည်းယာဉ်များကို မဲဆောက်မှတဆင့် ထိုင်းနိုင်ငံအတွင်းပိုင်းရှိ မြို့ကြီးများသို့ တင်ပို့ရာတွင် တရားဝင်အခွန်ပေးဆောင်ကာ တင်ပို့ကြခြင်းဖြစ်ပြီး အချို့ကုန်သည်များမှာ မလေးရှားနယ်စပ်မှတဆင့် မလေးနိုင်ငံအတွင်းပိုင်းသို့ တင်ပို့မှုများရှိသည်ဟု ထိုင်းကုန်သည်များကပြောသည်။
လှည်းယာဉ်များ ရောင်းချခြင်းအပေါ် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် တခင်းလုံရွာမှ ကျောင်းထိုင်ဘုန်းတော်ကြီးက “လူတွေက စျေးကောင်းရတော့ အလွယ်တကူပဲ ထုတ်ရောင်းကြတယ်။ နောက်ကိုဆိုရင် နောင် လာနောက်သားတွေ ကို ပြဖို့ အတွက် နွားလှည်းဆိုတာ ဓာတ်ပုံထဲမှာပဲ ပြရတော့မယ်”ဟု မိန့်ကြားသည်။
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံကဲ့သို့ပင် ရှေးယခင်ကာလများက လယ်ယာလုပ်ငန်းခွင်များတွင် နွားလှည်းများနှင့် ခိုင်းကျွဲ၊ ခိုင်းနွားများ အသုံးပြုခဲ့သည့်နိုင်ငံဖြစ်ကာ လက်ရှိကာလတွင် စက်မှုလယ်ယာလုပ်ငန်းတိုးတက်လာပြီး ရှေးဟောင်းနွားလှည်းများ မရှိတော့သည့်အတွက် ဟော်တယ်နှင့်ခရီးသွားလုပ်ငန်းများတွင် အမှတ်တရထားရှိရန်အတွက် မြန်မာနိုင်ငံ မှ နွားလှည်း များကို စျေးကောင်းပေးကာ ၀ယ်ယူကြခြင်းဖြစ်သည်ဟု ဟော်တယ်လုပ်ငန်းရှင် နိုင်စုံချိုင်းက ပြောသည်။
မဲဆောက်-မြဝတီနယ်စပ် နှစ်နိုင်ငံချစ်ကြည်ရေးတံတားအနီး ထိုင်းဘက်ခြမ်းတွင် မြန်မာရှေးဟောင်းပစ္စည်းမျိုးစုံ ရောင်းချသည့် ဆိုင်ကြီး (၁၀) ဆိုင်ခန့်ရှိပြီး ၎င်းဆိုင်များ၏ သက်တမ်းမှာ ၂၅ နှစ်အထက်တွင် ရှိသည်ဟု ထိုင်းအကောက်ခွန် ၀န်ထမ်းတစ်ဦး ကဆိုသည်။







