ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်ထဲတွင် ရှမ်းတိုင်းရင်းသား လက်နက်ကိုင်နှစ်ဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်နေသည့် အတွက် ဒေသခံပြည်သူ ၂၇၀၀ ကျော် နေရပ်စွန့်ခွာပြီး စစ်ဘေးတိမ်းရှောင်နေကြရသည်။
ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) RCSS/SSA နှင့် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSPP/SSA တို့အကြား ရက်သတ္တပတ် တစ်ပတ်နီးပါးခန့် ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် ဒေသခံများ နေရပ်ပြန်ရေးမဖြစ်နိုင်သည့်အပြင် ယခုရောက်ရှိနေသည့် နေရာတွင်လည်း လုံခြုံမှုမရှိဟု စစ်ရှောင်များအား ကူညီပေးနေသူများက ပြောသည်။
“ဒီနေ့လည်း လက်နက်ကြီးသံတွေ ဆက်တိုက်ကြားရတော့ အကုန်လုံး လန့်နေကြတာ။ ပစ္စည်းတွေလည်း သိမ်းထားတယ်။ တခြားနေရာတစ်ခုကို ပြေးရမယ်ဆိုလည်း အဆင်သင့် ဖြစ်အောင်ပါရှင့်။ ဒါပေမယ့် ကျမတို့ ဘယ်ကိုဆက်ပြီး ထွက်ပြေးရမှန်းလည်းမသိဘူး။ တချို့လည်း အမျိုးတွေ အသိတွေ ရှိတဲ့တခြားရွာတွေကို ထွက်ပြေးတဲ့လူတွေလည်း ရှိပါတယ်ရှင့်။ အခုဆို သူတို့ ကျမတို့ရဲ့ နောင်လျဲန်ရွာကို ပြေးလာတာက ၅ ရက် ၆ ရက်ရှိပြီ” ဟု စစ်ရှောင်များအား အကူအညီပေးနေသည့် နောင်လျဲန်ကျေးရွာက ရှမ်းအမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ရှောင်များအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်ချက်ရှိနေသည့်အပြင် စစ်ရှောင်ဦးရေများသည့်အတွက် နေရာစရာအခက်အခဲ၊ စောင်၊ မိုးကာများလည်း လိုအပ်နေသည်ဟု အကူအညီနေသည့် အဆိုပါအမျိုးသမီးက ဆက်ပြောသည်။
“အစားအသောက်လည်း ခက်ခဲတယ်လေရှင့်။ မိုးတွင်းဆိုတော့ မိုးကာတို့လည်း လိုတယ်ရှင့်။ ဒီမှာနေတာလည်း မလုံခြုံဘူးလေနော်။ ဒီမှာက စာရင်းအရဆိုရင် ၂၁၀၀ ကျော်ပြီရှင့်။ ဘုန်းကြီးကျောင်းမှာရော၊ စာသင်ကျောင်းထဲမှာရော နေနေရတယ်။ တဲတွေ နေရာစရာတွေမရှိတော့ သူတို့စီးလာတဲ့ ထော်လာဂျီတွေပေါ်မှာလည်း အိပ်ကြတယ်” ဟု ပြောသည်။
နောင်လျဲန်ကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းတွင် နေထိုင်နေသူမှာ လူဦးရေ ၂၁၀၀ ရှိပြီး အချို့မှာ နောင်လျော်၊ မန်ကောင်းမူးနှင့် အခြားစစ်ဘေးလွှတ်ကင်းသည့် ကျေးရွာများသို့လည်း ထွက်ပြေးသွားသူများ ရှိသည်ဟု အကူအညီပေးနေသူများက ဆိုသည်။
မိုင်းကိုင်မြို့နယ် ဝမ်လုံ၊ ဝမ်ကမ်း၊ ဝမ်ကောင်း၊ ဝမ်လင်း၊ ဝန်ကျန့်၊ ပန်လင်း၊ နမ့်မော်အုတ်၊ နောင် မွန်း၊ နမ့်အွမ်၊ နောင်နန်း စသည့် ကျေးရွာများက ပြည်သူများသည် နောင်လျဲန်ကျေးရွာက ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းထဲတွင် စစ်ဘေးတိမ်းရှောင်နေကြရသည်။
ထို့အပြင် မိုင်းကိုင်မြို့နယ်၊ ဟိုခဲကျေးရွာအုပ်စု ပျဥ်ဝင့်နဲ့ ဟွေမွန်ကျေးရွာ၊ ဟိုခိုင်းကျေးရွာနား တဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် တုံလောကျေးရွာအုပ်စု၊ မတ်ချိနုတ်ကျေးရွာတွင်လည်း စစ်ရှောင်ပြည်သူ ၇၀၀ ခန့် ရောက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။
မိုင်းကိုင်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်၍ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့၏ တာဝန်ရှိသူများကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) RCSS/SSA နှင့် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSPP/SSA တို့အကြား ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းတွင်သာမကပဲ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ နမ့်ခမ်း အစရှိသည့် မြို့နယ်များထဲတွင်လည်း တိုက်ပွဲများ မကြာခဏ ထွက်ပြေးနေရပြီး ရှမ်းမြောက် စစ်ရှောင်ပြည်သူအများစုလည်း နေရပ်မပြန်နိုင်သေးပဲ ရှိနေသည်။







