ဧရာဝတီတိုင်း ငါးကန်လုပ်သား ၅ ဦးအား PDF ဟုဆိုကာ ဖမ်းဆီး

ဧရာဝတီတိုင်း ငါးကန်လုပ်သား ၅ ဦးအား PDF ဟုဆိုကာ ဖမ်းဆီး

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်အတွင်းတွင် အမျိုးသမီးနှစ်ဦးအပါအဝင် ငါးကန်လုပ်သား ၅ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဝင်များဟု စွပ်စွဲကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

ဇလွန်မြို့နယ်၊ ဇော်ဂျီကွင်း ကျေးရွာအုပ်စု တလိုင်းပုန်းကျေးရွာရှိ ဦးကျော်ငြိမ်းပိုင်ဆိုင်သည့် ငါးကန်ထဲတွင် အလုပ်လုပ်နေသူ အမျိုးသား ၃ ဦး နှင့် အမျိုးသမီး ၂ ဦးကို စစ်တပ်က စက်တင်ဘာလ ၁၄ ရက်နေ့ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

"ငါးကန်လုပ်သားတွေ ဘယ်လို PDF ဖြစ်ရတာလဲ။ မပြောတတ်ဘူး ဦးကျော်ငြိမ်းကိုလည်း လိုက်ဖမ်းနေတယ်။ သူက ကန်မှာနေတာမဟုတ်ဘူးလေ။ အဖမ်းခံရတဲ့သူ နာမည်တွေတော့ မသိဘူး" ဟု ဒေသခံ ငါးမွေးမြူရေး လုပ်ကိုင်သူတစ်ဦးက ပြောသည်။

ဦးကျော်ငြိမ်းပိုင်ငါးကန်တွင် အကြမ်းဖက်များ ပုန်းကွယ်ခိုအောင်းနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေရာ လက်လုပ်သေနတ် ၈ လက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ၎င်းတို့ ၅ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ကျေးလက်ဒေသ နေထိုင်သူများတွင် လေးဂွ၊ ဓားမှိန်း၊ ဒူးလေး စသည့်တို့ ကိုင်ဆောင်သည့်ဓလေ့ရှိတတ်ကြောင်း တောတောင် အင်းအိုင်နှင့် နီးသည့် ဒေသများတွင် စရိုက်ကျည်ခေါ် ခဲသီး သံဘောစိတို့ဖြင့်ပစ်သည့် ငှက်ပစ်၊ အမဲပစ်သည့် သေနတ်အချို့လည်း ရှိသည်ဟု ဒေသခံ ဦးသိန်းဝင်း အသက် ၆၀ အရွယ်ရှိသူ ဒေသခံ ဦးသိန်းဝင်းက ပြောသည်။

"ဖမ်းမိသမျှကို PDF တွေ အကြမ်းဖက်သူတွေလို့ စစ်ကောင်စီက ခေါင်းစဉ်တပ်နေတယ်။ ဘယ်သူကိုမဆို ဘာလက်နက်နဲ့တွေ့တွေ့ ဖမ်းပြီး PDF တံဆိပ်ကပ်မယ့်အခြေအနေ ဖြစ်နေတယ်" ဟု ဒေသခံလည်းဖြစ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်သူ ဦးသိန်းဝင်းက မှတ်ချက်ပြုပြောဆိုသည်။

ထို့အပြင် စက်တင်ဘာ ၁၄ ရက်နေ့က ဖျာပုံမြို့မှ ငါးဒိုင်လုပ်ငန်းလုပ်ကိုင်သူ ကိုသန်းဝင်းအောင်ကိုလည်း ဂက်စ်ပစ္စတို ၁ လက်၊ ဂျင်ကလိ ၈ ချောင်း၊ ဓား ၉ ချောင်း၊ သံဘောစိ ၄၅ လုံး၊ ဖန်ဂေါ်လီ ၂၀ လုံး၊ လေးဂွ ၂ လက်တို့နှင့်အတူ ဖမ်းဆီးမိကြောင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 
 

 

 

Most read this week

December 16, 2025
စစ်ကော်မရှင်က ကျင်းပရန် စီစဉ်နေသည့် အတုအယောင် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိဘဲ စစ်အာဏာ...
December 15, 2025
မွန်ပြည်တွင် စစ်ကော်မရှင်က ကျားဖြန့်ခေါင်းစဉ်ဖြင့် ရှမ်းပြည်သားများကို တည်းခိုခွင့်...
December 10, 2025
သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ရွေးကောက်ပွဲ ဥပဒေဖြင့် သတင်းမီဒီယာနှင့် ပြည်သူများ ခြိမ်းခြောက်...
December 10, 2025
+++  ဖုံးကွယ်ထားရသည့် မျက်ရည်များ +++ ကရင်နီ စစ်ဘေးရှောင် တစ်ဦး ဖြစ်သူ ဒေါ်ကားခူဖောက...