မကွေးမြို့လယ်ဗုံးကြောင့် ကလေးတစ်ဦးသေ

မကွေးမြို့လယ်ဗုံးကြောင့် ကလေးတစ်ဦးသေ

မကွေးမြို့တွင် စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၈ နာရီကျော်အချိန်က ဗုံးပေါက်ကွဲမှုကြောင့် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးကြောင်း ဒေသခံများက ပြောသည်။

တိုင်းပညာရေးမှူးရုံးနှင့် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးကြားတွင် ပေါက်ကွဲခဲ့သော ဗုံးစထိမှန်သည့် ကလေးသည် အနီးရှိ ကွမ်းယာဆိုင်မှဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် ပန်းရံအလုပ်သမား လူငယ်တစ်ဦးလည်း ဝမ်းဗိုက်နှင့် ခြေထောက်တို့တွင် ဒဏ်ရာရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

"အခုဆိုရင် လမ်းငါးသွယ်ကနေ မကွေးတက္ကသိုလ်ရှေ့အထိ လမ်းပိတ်ထားတယ်။ ဘယ်သူမှ သွားမရဘူးဗျ" ဟု အသက် ၄၀ အရွယ်ခန့်ရှိသူ ဒေသခံတစ်ဦးက ပြောသည်။

သတင်းအချို့တွင် ၅ နှစ်သားကလေးအပြင် အခြားတစ်ဦးလည်း သေဆုံးပြီး စုစုပေါင်း နှစ်ဦးသေဆုံးသည်ဟု ပြောဆိုနေကြသော်လည်း သီးခြား အတည်မပြုနိုင်သေးပေ။

မကွေးမြို့ပေါ်တွင် စက်တင်ဘာလ ၇ ရက်နေ့ NUG ယာယီသမ္မတက အရေးပေါ်အခြေအနေကြေငြာပြီးနောက်ပိုင်း စစ်ကောင်စီတပ်စွဲထားသည့် မြသလွန်ဘုရားအနီး၊ ပန်းရစ်တောင်ခြေတွင် တစ်ကြိမ်၊ ကန်သာကန်၏ အရှေ့တောင်ဘက်ရှိ မိုင်တဲတာဝါတိုင်တွင် တစ်ကြိမ်နှင့် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးအနီးတွင် တစ်ကြိမ် စုစုပေါင်း ၃ ကြိမ် ဗုံးပေါက်ကွဲခဲ့သည်။

"အခုဆိုရင် ရဲတွေ စစ်သားတွေရော အစစ်အဆေးက တော်တော်လေးကြမ်းနေတယ်။ ဒီနေ့ဆိုရင် မကွေးမြို့ထဲကို ဘယ်ကမှ ဝင်မရတော့ဘူး။ မြို့ဝင်ဂိတ် အားလုံးကို ပိတ်စစ်နေပြီး စစ်ဆေးနေတယ်။ ရွာတွေဘက်ကို ဈေးရောင်းသွားတာ သွားမရလို့ ပြန်ခဲ့ရတယ်" ဟု မကွေးမြို့ ချမ်းမြေ့သာယာက အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ယနေ့ ည ၁၀ နာရီခွဲအချိန်တွင် မကွေးမြို့၊ မြင်းကင်းလမ်းပေါ်တွင် စစ်ကောင်စီတပ်များက အကြောင်းအရင်းမရှိဘဲ သေနတ် ၅ ချက်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

မကွေးမြို့၊ မြသလွန်ဘုရားအနီး၊ ဗုံးပေါက်မှုများကြောင့် သာယာကုန်း၊ ကျွန်းစု၊ သရက်ပင် စသည့်နေရာများက ပြည်သူသုံးဦးအပြင်၊ ကန်သာကန်၏ အရှေ့တောင်ဘက်ရှိ မိုင်တဲတာဝါတိုင်တွင် ဗုံးပေါက်ခြင်းကြောင့် ဝေယံဘုံမြင့်ဘုန်းကြီးကျောင်းမှ ကားမောင်းသူနှင့် ဆွမ်းချိုင့်သယ်ပို့သည့် သုံးဘီးမောင်းသူတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

 
 

 

 

May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...