စစ်ကောင်စီအား နိုင်ငံခြားတိုင်းပြည်များ၏ ဖိတ်ကြားမှု NUG ၏ တရားဝင်မှုကို ထိခိုက်

စစ်ကောင်စီအား နိုင်ငံခြားတိုင်းပြည်များ၏ ဖိတ်ကြားမှု NUG ၏ တရားဝင်မှုကို ထိခိုက်

စစ်ကောင်စီအား နိုင်ငံတကာ အစည်းအဝေးများ တက်ရောက်ရန် နိုင်ငံအချို့က တရားဝင်ဖိတ်ကြားမှုများနှင့် အကျိုးစီးပွားများအတွက် သဘောတူညီချက်များ ရရှိနေခြင်းသည် NUG ၏ တရားဝင်အစိုးရဖြစ်မှုကို ထိခိုက်စေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောဆိုလိုက်သည်။

နိုင်ငံအချို့က စစ်ကောင်စီအား အသိအမှတ်ပြုသော သဘောဆောင်သည့် ဆောင်ရွက်မှုများနှင့် ပတ်သက်၍ NUG က “နိုင်ငံအချို့၏ တရားဝင် ဖိတ်ကြားမှုဖြင့် စစ်ကောင်စီက အချို့သော နိုင်ငံတကာအစည်းအဝေးများတွင် တက်ရောက်ခွင့်ရနေပြီး အချို့နိုင်ငံများနှင့် စစ်ရေး၊ စီးပွားရေး သဘောတူညီချက်များပင် ရရှိနေကြောင်း တွေ့ရသောကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူများ ရွေးချယ်တင်မြှောက်ထားသည့် တစ်ခုတည်းသော တရားဝင်ဖြစ်မှုကို ထိခိုက်မှုများရှိလာကြောင်း တွေ့ရသည်” ဟု စက်တင်ဘာလ ၁၃ ရက်နေ့ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းပြောဆိုထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်နေ့က စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတ္တမအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး (7th Greater Mekong Subregion Summit) သို့ တက်ရောက်မိန့်ခွန်းပြောခဲ့သည်။

ထိုအစည်းအဝေးသို့ အိမ်ရှင် ကမ္ဘောဒီးယားနိုင်ငံအပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လာအို ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ ဝန်ကြီးချုပ်များ၊ မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌနှင့် ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်ဟု သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဩဂုတ်လ ၁၀ ရက်နေ့က မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ ခေါင်းစဉ်ဖြင့် တရုတ်သံအမတ် ချန်ဟိုင်နှင့် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦး၀ဏ္ဏမောင်လွင်တို့က မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်မည့် စီမံကိန်း ၂၁ ခုကို အွန်လိုင်းမှတစ်ဆင့် လက်မှတ်ရေး ထိုးခဲ့ကြသည်ဟု စစ်ကောင်စီနှင့် တရုတ်သံရုံးတို့က ထုတ်ပြန်ထားသည်။

စီမံကိန်း ၂၁ ခုအတွက် အမေရိကန်ဒေါ်လာ ၆ သန်းကျော်ကို တရုတ်အစိုးရက စစ်ကောင်စီအား ပေးအပ်မည်ဖြစ်ပြီး အဆိုပါစီမံကိန်းများမှာ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာလုပ်ငန်းများ၊ တိရစ္ဆာန်ရောဂါကာကွယ်ဆေးထုတ်လုပ်ရေး စီမံကိန်းများ၊ ခရီးသွား၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ ယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင်စသည့် စီမံကိန်းများ ပါဝင်သည်ဟု သိရသည်။

ထိုအခြေအနေများအောက်တွင် NUG ၏ တရားဝင်အစိုးရဖြစ်မှုကို ထိခိုက်လာသည့်အပြင် စစ်ကောင်စီ၏ တိုက်ခိုက်မှုများမှ ကာကွယ်ပေးရန် နိုင်ငံတကာကို အားကိုး၍ မရတော့သည့်အတွက် စုပေါင်းညီညွတ်မှုအားဖြင့် စစ်ကောင်စီကို တွန်းလှန်ကြရန် NUG က ၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်။

NUG က “ဒီမိုကရေစီလှုပ်ရှားမှုကိုယ်စား ကြားဝင်ဆောင်ရွက်ပေးနိုင်ရန်နှင့် ရက်စက်ကြမ်းကြုတ်လှသော စစ်ကောင်စီ၏ တိုက်ခိုက်မှုများမှ ပြည်သူလူထုအား ကူညီကာကွယ်ပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို အားကိုး၍မရတော့ပါ။ ပြီးခဲ့သည့် ခုနှစ်လတာကာလကို ပြည်လည်ဆန်းစစ်ကြည့်ပါက တမျိုးသားစည်းလုံးညီညွတ်မှု၊ စုပေါင်းဆောင်ရွက်မှုတို့ ဖြင့်သာလျှင် စစ်ကောင်စီကြောင့် ပေါ်ပေါက်ခဲ့သော အာဏာသိမ်းရန် ကြိုးပမ်းမှုများကို အဆုံးသတ်နိုင်လိမ့်မည်ဖြစ်ကြောင်း သိသာထင်ရှားနေပြီဖြစ်သည်” ဟု ပြောသည်။

ထို့ကြောင့် စစ်ကောင်စီအား အမြစ်ပြတ် ခုခံတွန်းလှန်သွားရန်နှင့် ပြည်သူလူထုအားလုံး၏ ညီမျှမှု၊ လွတ်လပ်မှု၊ အားလုံးပါဝင်မှုနှင့် ဒီမိုကရေစီ အခွင့်အရေးများအား အပြည့်အ၀ ကာကွယ်စောင့်ရှောက်ပေးမည့် ငြိမ်းချမ်းသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန်အတွက် ပြည်သူတရပ်လုံးက စည်းလုံးညီညွတ်စွာဖြင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် NUG က တိုက်တွန်းထားသည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...