သီပေါရှိ ကျေးရွာအချို့ အစားအစာနှင့် ဆေးဝါးပြတ်

သီပေါရှိ ကျေးရွာအချို့ အစားအစာနှင့် ဆေးဝါးပြတ်
ဓါတ်ပုံ - Tai Students' Union
ဓါတ်ပုံ - Tai Students' Union

ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့နယ် ဆွန်လုံအုပ်စုအတွင်းက ဒေသခံပြည်သူများ စားသောက်ကုန်နှင့် ဆေးဝါးများ ပြတ်လပ်နေသည်ဟု ဒေသခံများနှင့် ဒေသအတွင်း လွှတ်တော်ကိုယ်စားလှယ်အမတ်က ပြောသည်။

သီပေါမြို့နယ်၊ ဆွန်လုံကျေးရွာအုပ်စု တာပုလဲကျေးရွာ၊ ပန်ခါးကျေးရွာနှင့် မန်ဆန်ကျေးရွာအုပ်စုအတွင်းရှိ စဉ့် အင်ကျေးရွာနှင့် စဉ့်အင်ဘူတာ က ပြည်သူများ စစ်ရေး၊ နိုင်ငံရေး အခြေအနေများအပြင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများကြောင့် စားသောက်ကုန်နှင့် ဆေးဝါးများ ပြတ်လပ်နေသည်ဟု စဉ့်အင်ကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ဟုတ်တယ် သမီးတို့ဆီမှာ စားသောက်ကုန်တွေပြတ်နေတာ ကြာပြီ။ လာရင်လည်း နည်းနည်းပဲလာတော့ တယ်။ မလောက်ဘူး။ သမီးတို့ဒီမှာက သံပုရာသီး အဓိကစိုက်တယ်။ အခုက အဲ့ဒါလည်း ဝယ်မယ့်လူမရှိတော့ ဘူး။ မရောင်းရဘူး။ အဓိကလိုတာကို ပြောဆိုရင်တော့ ဆန်ပဲ အဓိကလိုနေတာ။ အလှူရှင်တွေလည်း မရောက် ဘူး။ မနေ့ကတော့ နည်းနည်း လာလှူတာရှိတယ်” ဟု ပြောသည်။

ဒေသခံအများထဲတွင် အချို့မှာ ယခုလက်ရှိအချိန်တွင် ဆန်ပြုတ်စားနေကြရသည်ဟု ဒေသခံများက ပြောသည်။

စဉ့်အင်ကျေးရွာက ဒေသခံက “ဆန်ပြုတ်စားရတယ်ဆိုတာက တချို့အိမ်ပေါ့ဗျာ ကြပ်တည်းတာကိုး၊ စီးပွား ရေးက ကြပ်တည်းတော့ အလုပ်အကိုင်က မဖြစ်တော့ ချွေတာပြီးတချို့ကျတော့လည်း ဆန်ပြုတ်စားရတယ်။ တော်တော်လေး ခက်ခဲ့ပါတယ်။ တာပုလဲတို့၊ ပန်ခါးတို့ကြတော့ စဉ်အင်ရွာထက် သွားလာရေး ပိုခက်ခဲတယ်။ အရင်တုန်းက မီးရာထားရှိတုန်းကတော့ မီးရထားနဲ့သွားရလာရတာကိုး။ အခုက ရေလမ်းနဲ့ပဲ စက်လှေလေးနဲ့ သွားနေရတာ။ အဲ့ဒီဘက်ကျတော့ တောထဲကိုလည်း ဝင်လို့မရဘူး။ နယ်မြေသိပ်မကောင်းဘူး” ဟု ဆက်ပြောသည်။

ဒေသအတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခ၊ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ နှင့် COVID-19 ကပ်ရောဂါကူးစက်မှုနှင့် ပတ်သက်၍ ကန့်သတ်မှုများကြောင့် စားရေးသောက်ရေး အခက်အခဲဖြစ်လာရခြင်း ဖြစ်သည်ဟု ပြောသည်။

စဉ့်အင်ဘူတာအနီးနေထိုင်သူ အမျိုးသားတစ်ဦးကလည်း “ရှာဖွေလုပ်ကိုင်စားသောက်ရတာ ကြပ်တည်းတာပေါ့နော်။ ကျနော်တို့ဒေသထွက်ကုန်က ခြံလုပ်ငန်းဆိုတော့ သံပုရာသီး၊ ကဗ္ဗလာသီးတို့ပေါ့နော်။ ကျနော်တို့ စဉ်အင် ဘေးနားကရွာက ကိုဗစ်ဖြစ်တယ်။ ဆုံးတာတွေရှိတယ်။ စျေးသွားရောင်းရင်လည်းမောင်းထုတ်တယ်။ လုပ်ကိုင်စားသောက်ရတာ တခြားကြပ်တည်းတယ်တယ်။ တောတွေဘာတွေထဲ ဝင်ပြီးမှ မီးသွေးဖုတ်မယ်၊ မျှစ် ရှာမယ်ဆိုလည်း ကျနော်တို့က ပေးမသွားတာပေါ့။ အဲ့ကြောင့် ကြပ်တည်းကြတာပေါ့။ အရောင်းအဝယ်လည်း မဖြစ်ဘူးလေ။ နောက်ပြီးသွားရေးလာရေးကလည်း ခက်ခဲတာကိုး အဲ့လိုမျိုးလေ” ဟု ပြောသည်။

မန်ဆန်ကျေးရွာအုပ်စုအတွင်းရှိ စဉ့်အင်ဘူတာက ဝန်ထမ်းများသည် နွေဦးတော်လှန်ရေးအစ ဖေဖော်ဝါရီလ ၉ ရက်နေ့က စတင်၍ စစ်အာရှင်စနစ်ကို လက်ခံသည့်အတွက် CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြရာ ယနေ့အချိန်ထိ ရထားခရီးစဉ်များကို ရပ်နားထားခြင်းဖြစ်သည်။ ထို့အပြင် ဒေသအတွင်း ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ကြားက စစ်ရေးပြဿနာများကြောင့်လည်း ရေကြောင်းရော ကုန်ကြောင်းပါ လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိနေသည်ဟု ဒေသခံများက ဆိုသည်။

ဆွန်လုံကျေးရွာအုပ်စု နှင့် မန်ဆန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာပေါင်း ၃ ရွာခန့်က အိမ်ထောင်စု ၃၀၀ နီးပါး ကို စက်တင်ဘာလ ၁၃ ရက်နေ့(ယမန်နေ့)က သွားရောက်လှူဒါန်းခဲ့သည့် သီပေါမြို့နယ် SNLD လွှတ်တော် အမတ်တစ်ဦးက ယခုကဲ့သို့ ပြောသည်။

“သူတို့က စစ်ဘေးဒဏ်သင့်လူတွေလို့ ပြောရမှာ။ သူတို့က သွားလာရေးခက်ခဲတယ် အဲ့ဒီဒေသတွေက။ ရထားလမ်းတစ်ခုကို အမှီပြုပြီးတော့ သွားလာရတဲ့ ကျေးရွာတွေပေါ့နော်။ လှေနဲ့ ရေလမ်းခရီးသွားလို့ရတယ်။ ဒါပေမယ့် စစ်ဒဏ်ကြောင့်လို့ပြောရမယ် အခြေအနေမကောင်းတော့ သွားလာခွင့်မရှိဘူး။ ရထားလမ်းကလည်း မ သွားတာကြတော့ အရမ်းခက်ခဲနေတယ်ပေါ့။ အိမ်ခြေကတောင်မှ ၃၀၀ နီးနီးလောက်ရှိတယ်။ စစ်ပွဲတွေကြောင့် မို့လို့လည်း သူတို့က စစ်ဘေးရှောင်ဖူးတယ်။ နှစ်လပိုင်း သုံးလပိုင်းတုန်းက စစ်ရှောင်ဘဝနဲ့ ပြေးခဲ့ရတယ်။ အလုပ်လုပ်ဖို့ အဆင်မပြေဘူး။ သွားလမ်းလာလမ်းခက်ခဲတာလည်းပါတယ်။ ကိုဗစ်ကြောင့်လည်းပါတယ်။ အဓိကက စားနပ်ရိက္ခာနဲ့ ဆေးဝါးပဲ။ ကျန်တာတော့ သိပ်မလိုဘူး” ဟု SNLD လွှတ်တော်အမတ်က ပြောသည်။

သျှမ်းလူငယ်အဖွဲ့ TYO၊ သျှမ်းကျောင်းသားများသမဂ္ဂ နှင့် ရှမ်းပြည်သူအချို့က ပေးလှူလိုက်သည့် ကျပ်သိန်း ၃၃ သိန်းဖြင့် အဆိုပါဒေသအတွင်းက ပြည်သူများတွက် ဆန်၊ ဆီ၊ ဆား၊ ရိက္ခာနှင့်ဆေးဝါးများကို သွားရောက် လှူဒါန်းပေးနိုင်ခဲ့သော်လည်း ယခုလှူဒါန်းမှုသည့် တစ်အိမ်ထောင်လျှင် တစ်ပတ်စာခန့်အတွက်သာရှိသည့်အတွက် အရေးပေါ်အကူအညီများ လိုအပ်နေသေးသည်ဟု သွားရောက်လှူဒါန်းခဲ့သူတစ်ဦးက ပြောသည်။

သီပေါမြို့နယ်၊ ဆွန်လုံကျေးရွာအုပ်စု တာပုလဲကျေးရွာ၊ ပန်ခါးကျေးရွာနှင့် မန်ဆန်ကျေးရွာအုပ်စုအတွင်းရှိစဉ့် အင်ကျေးရွာများတွင် နေထိုင်ကြသည့် ဒေသခံပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြရာ သံပုရာသီး၊ ကဗ္ဗလာသီးတို့သည့် ဒေသ၏ အဓိကထွက်ကုန်ဖြစ်သည်ဟု ဆိုသည်။

စစ်အာဏာမသိမ်းခင်က ဒေသထွက်ကုန်သီးနှံများကို ရထားခြင့် လားရှိုး၊ သီပေါဘက်ကို တင်ပို့ရောင်းချခဲ့သည်ဟု ဆိုသည်။

စဉ့်အင်ဘူတာသည် သီပေါနှင့် လားရှိုးမြို့ကြားတွင်တည်ရှိရာ အနီးအနားကျေးရွာများက အဆိုပါဘူတာတွင် အသီးအနှံများ လာရောက်တင်ပို့ရောင်းချကြသည်ဟု ဒေသခံများက ဆိုသည်။

 
 

 

 

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...