ပုသိမ်မြို့ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းအတွင်း စက်တင်ဘာလ ၁၂ ရက်နေ့က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ပုသိမ်မြို့ ကမ္ဘာအေးလမ်း အမှတ် ၃ အလယ်တန်းကျောင်း နှင့် ကပ်လျှက်ရှိသည့် ဇေယျသိဒ္ဓိ ဘုန်းကြီးကျောင်း၏ အဆောင်တစ်ခုအတွင်း စက်တင်ဘာ ၁၂ ရက်နေ့ ညနေ ၆ နာရီ ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ပုသိမ်မြို့ ရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက "လက်လုပ်ဗုံးစမ်းသပ်လုပ်ရင်း ပေါက်ကွဲတာဖြစ်နိုင်တယ်။ အနီးဝန်းကျင်မှာ သွေးစက်တွေတွေ့ရတယ်။ လူကိုတော့ မမိသေးဘူး ဒဏ်ရာပြင်းထန်ပုံရတယ်" ဟု ၎င်းကပြောသည်။
ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်နေရာတွင် သွေးကွက်များ၊ မျက်နှာကျက်တွင်လည်း ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုများနှင့် PVC ပိုက်အနည်းငယ်၊ ဗုံးနှင့်ပါတ်သက်သည့် ပေါက်ကွဲအစအနများကို စစ်ဆေးတွေ့ရှိပြီး စမ်းသပ်ရင်း ပေါက်ကွဲခြင်းဖြစ်နိုင်သည်ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီက ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ မင်္သကာသူများကို စစ်ဆေးနေသည့်အပြင် ဆေးခန်းနှင့် ဆေးရုံများကို စစ်ဆေးခြင်း၊ ပုသိမ်မြို့ရှိ သင်္ကာမကင်းသည့် ရပ်ကွက်အတွင်းက နေအိမ်များနှင့် လမ်းများတွင်လည်း ရှာဖွေစစ်ဆေးမှုများ လုပ်နေသည်ဟု မြို့ခံအချို့က ပြောသည်။
ပုသိမ်မြို့က လမ်းပိတ်ဆို့ စစ်ဆေးခံခဲ့ရသူ အသက် ၂၀ အရွယ်ရှိ ကိုဝင်းမြင့်က "ပေါက်ကွဲမှုကြောင့်ထင်တယ် လမ်းတွေကို ပိတ်ဆို့စစ်ဆေးတယ်။ အဓိက လူမှာ ဘာဒဏ်ရာရှိမလဲ အဝတ်အစား ချွတ်ပြလှန်ပြခိုင်းတယ်" ဟု ပြောသည်။
ပုသိမ်မြို့တွင် ဗုံးပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားနေပြီး ပေါက်ကွဲကြောင့် သေဆုံးမှုမရှိသော်လည်း မေလအတွင်းမှ စက်တင်ဘာလအတွင်း ဗုံးပေါက်ကွဲမှုကြောင့် ဗုံးလုပ်သည့် အရပ်သား ၂ ဦး၊ မီတာရုံးဝန်ထမ်း ၁ ဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရရှိခဲ့ကြသည်။







