ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် သြဂုတ်လလယ်မှစတင်၍ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက်ဟုဆိုကာ နံနက် ၁၁ နာရီနောက်ပိုင်း နေအိမ်ပြင်ပ မထွက်ကြရန် ကန့်သတ်ထားသည့်အတွက် ဝမ်းစာရှာဖွေရေး အခက်အခဲများနှင့် ကြုံနေရသည်ဟု ဒေသခံများက ပြောသည်။
ပလက်ဝမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု များပြားလာသည့်အတွက် ပြင်ပသွားလာခွင့်ကို နံနက် ၅ နာရီမှ ၁၁ နာရီအထိ သတ်မှတ်ပေးထားပြီး သတ်မှတ်ချိန်နောက်ပိုင်း နေအိမ်ပြင်ပ မထွက်ရန် အမိန့်ထုတ်ပြန်ထားကြောင်း ဒေသခံများက ပြောသည်။
သတ်မှတ်ထားချိန် နောက်ပိုင်း အရေးပေါ် အပြင်ထွက်လိုပါက သက်ဆိုင်ရာ ရပ်ကွက်ထောက်ခံစာယူရပြီး အပြင်ထွက်ရန်နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို မလိုက်နာပါက ဒါဏ်ငွေ ပေးဆောင်ရသည်ဟု ပြောသည်။
အပြင်ထွက်ချိန် လုံလောက်မှုမရှိသည့်အတွက် ကျဘန်းအလုပ်လုပ်ကိုင်နေသူများ၊ ဟွန်ဒါစက်လှေနှင့် သုံးဘီးဆိုင်ကယ်မောင်းနှင်သူများ အစရှိသည့် အခြေခံလက်လုပ်လက်စားများမှာ အလုပ်လက်မဲ့ဖြစ်ကာ ဝမ်းစာရေးအတွက် အခက်အခဲများရှိနေသည်ဟု အသက် ၂၅ နှစ်အရွယ် ဆိုင်ကယ်အငှားယာဉ်မောင်းနှင်သူ ကိုနိုင်ဦးက ပြောသည်။
“၁၁ နာရီနောက်ပိုင်း သွားလာခွင့်မရတော့ လက်လုပ်လက်စားတွေမှာ အလုပ်လက်မဲ့ဖြစ်ကုန်ကြတယ်။ မဖြစ်မနေလုပ်ရမယ့် အလုပ်လောက်ပဲ လုပ်နေကြရတာ။ ဒီတော့ စားဝတ်နေရေးမှာ အခက်အခဲဖြစ်ကုန်တယ်၊ ဘယ်အချိန်မှ ဖြေလျှော့်မယ်ဆိုတာ မသိဘူး" ဟု ကိုနိုင်ဦးက ပြောသည်။
ပလက်ဝမြို့နယ်ထဲတွင် ကုန်ဈေးနှုန်းများကလည်း ပုံမှန်ထက်ဈေးတက်လာခဲ့ပြီး ယခင်က တစ်ရက်ဝင်ငွေ တစ်သောင်းကျော်အထက် ရရှိခဲ့သော်လည်း ယခုတစ်ရက်လျှင် ကျပ်ငါးထောင်ပင် မပြည့်ချင်၍ ရေရှည်ရပ်တည်ရန် မလွယ်ကူကြောင်း ကိုနိုင်ဦးက ဆက်ပြောသည်။
ပလက်ဝမြို့တွင် ယခင်က ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ၄၀၀၀၀ ကျပ်ခန့်ရှိခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း၌ ၅၀၀၀၀ ကျပ်ဝန်းကျင်အထိ ပေးဝယ်နေရပြီး ဆန်ကြမ်းတစ်အိတ်ကို ကျပ် ၂၅၀၀၀ ခန့်မှ ကျပ် ၃၀၀၀၀ ကျော်အထိ ပေးဝယ်နေရသည်ဟု ဒေသခံများက ဆိုသည်။
ထို့အပြင် အခြားသော ကုန်ပစ္စည်းများမှာလည်း ဈေးနှုန်းမြင့်တက်လာမှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။
ဆန်ရိက္ခာနှင့် အခြားကုန်ပစ္စည်းများကို ကျောက်တော်မြို့မှ အဓိက သယ်ယူနေရခြင်းဖြစ်ပြီး လက်ရှိတွင် ကုန်ပစ္စည်းများကို လွယ်ကူစွာသယ်ယူခွင့်မရကြသဖြင့် ကုန်ပစ္စည်းဈေးနှုန်းများ ပုံမှန်ထက် မြင့်တက်နေရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
မြို့ပေါ်ရှိ ရိုမန်ကက်သလစ် စစ်ဘေးရှောင်စခန်းနှင့် ဘောလုံးကွင်း စစ်ဘေးရှောင်စခန်းတို့တွင်လည်း Lockdown (အပြင်မထွက်ရ) ချထားသည့် အတွက် စားဝတ်နေရေးနှင့် ငွေကြေးအခက်အခဲများ ရှိနေကြသည်ဟု စစ်ရှောင်များက ပြောသည်။
ပလက်ဝဒေသခံများသည် ကျောက်တော်-ပလက်ဝကို အကြောင်းကြီးငယ်နှင့် ကုန်ပစ္စည်းများ သွားဝယ်ယူလိုပါက စစ်တပ်ကိုတိုင်ကြားရပြီး ခွင့်ပြုချက်ရမှသာ ကုလားတန်မြစ်အတွင်း ရေကြောင်းလမ်းခရီးဖြင့် သွားလာကြရသည်။







